ရန်ကုန်မှ နေရပ်ပြန်လာသည့် ရခိုင်တချို့ အလုပ်အကိုင်အခက်အခဲကြုံတွေ့နေကြရ

အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ရန်ကုန်မှ ရခိုင်သို့ ပြန်လာကြသည့် နေရပ်ပြန်ရခိုင်တချို့မှာ ဒေသတွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် အခက်အခဲများဖြင့်ကြုံတွေ့နေရကြောင်း ပြောဆိုကြသည်။

04 May 2021

ဓါတ်ပုံ - ၂၀၂၁ ခုနှစ်၊ မတ်လအတွင်းက နေရပ်ပြန်လာကြသည့် ရန်ကုန်ရောက် ရခိုင်ရွှေ့ပြောင်းလုပ်သားများ။

DMG | မေ ၄

အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ရန်ကုန်မှ ရခိုင်သို့ ပြန်လာကြသည့် နေရပ်ပြန်ရခိုင်တချို့မှာ ဒေသတွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် အခက်အခဲများဖြင့်ကြုံတွေ့နေရကြောင်း ပြောဆိုကြသည်။

မိမိတို့ရပ်ရွာတွင် အလုပ်အကိုင်ရှားပါးမှုကြောင့် ရန်ကုန်သို့ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ကြသော်လည်း ပြီးခဲ့သည့် ဖေဖော်ရီလမှစတင်ကာ ဖြစ်ပွားနေသည့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် လူဦးရေ သောင်းနှင့်ချီကာ ဇာတိမြေကိုပြန်လာခဲ့ကြသော်လည်း မိမိတို့ဒေသတွင် အလုပ်အကိုင်အခွင့်လမ်းမရှိကြောင်း စစ်တွေမြို့မှ မအေးမြရီကပြောသည်။

 “ပြီးခဲ့တဲ့ တစ်လနှစ်လလောက်ကမှ ပြန်လာတာ ဒီမှာတော့ ဘာအလုပ်မှမရှိတဲ့အတွက် သူများအလုပ်တွေမှာပဲ သူတို့လူလိုလို့ခေါ်တဲ့အချိန် အချိန်ပိုင်းလေးလောက်ပဲ သွားပြီး ကူလုပ်ပေးရတာမျိုးတွေပဲရှိတယ်။ ကိုယ့်ဒေသမှာကိုယ်နေပြီး အလုပ်လုပ်ချင်ပေမယ့် လုပ်စရာအလုပ်မှ မရှိတာ”ဟု ပြောသည်။

ယင်းအပြင် ရန်ကုန်မှ ပြန်လာသည့် မင်းပြားမြို့နယ်မှ မခင်ခင်နွယ်ကလည်း နေရပ်သို့ပြန်ရောက်စဉ် ကတည်းက လက်ရှိအချိန်ထိ မည်သည့်လုပ်ငန်းမှ လုပ်ကိုင်ရန်မရှိသဖြင့် အိမ်အလုပ်များကိုသာ ဝိုင်းကူကာ နေထိုင်နေရကြောင်း ဆိုသည်။

“အရင်တုန်းက ရန်ကုန်မှာတုန်းကတော့ အလုပ်ရှိတော့ အလုပ်လုပ်ပြီး ငွေရှာနိုင်တယ်။ အိမ်ကိုလည်း ငွေပြန်ပို့နိုင်တတယ်။ ဒါပေမယ့် ဒီကို ပြန်ရောက်ပြီးကတည်းက လုပ်စရာအလုပ်ကမရှိတော့ အိမ်ရဲ့ အသုံးစရိတ်တွေကိုလည်း ခြွေတာသုံးနေကြရတယ်” ဟု ဆိုသည်။

လက်ရှိတွင် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် စက်ရုံအလုပ်ရုံများပိတ်ထားရသည့်အတွက် မိမိတို့ဇာတိတွင် နေထိုင်နေကြရသော်လည်း အခြေအများပြန်လည်တည်ငြိမ်လာသည့်အခါ ပြန်လည်သွားရောက်ရန် ရည်ရွယ်ထားကြောင်း နေရပ်သို့ပြန်လာသူများက ဆိုသည်။

ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးမှုနောက်ကျသော  ပြည်နယ်ဖြစ်သည့် အတွက် ပြည်နယ်သို့ ပြန်လည်ဝင်ရောက်လာသူများ အတွက် အလုပ်အကိုင်အခွင့်အလမ်းများမှာ မရှိသလောက် နည်းပါးနေပြီး ထိုသို့အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုကို သက်ဆိုင်ရာ အစိုးရနှင့် ငွေကြေးတတ်နိုင်သူများ၏ ပူးပေါင်းမှုတို့ဖြင့် ဖြေရှင်းသင့်ကြောင်း ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၏ ဒါရိုက်တာ ဦးခိုင်ကောင်းစံကဆိုသည်။

“ရခိုင်ပြည်နယ်မှာ အခြားကတင်သွင်းလာတဲ့အသီးအနှံတွေကိုစားသုံးနေရတာကြောင့် ပြန်လာသူတွေမှာ မြေယာရှိတယ်ဆိုရင်တော့ စိုက်ပျိုးရေးပိုင်းကိုလုပ်မယ်ဆိုရင်တော့ လုပ်လို့ရလောက်တယ်။ ဒါပေမယ့် စက်ရုံအလုပ်ရုံ လုပ်ငန်းကိုပဲလုပ်မယ်ဆိုရင်တော့ ရခိုင်ပြည်နယ်မှာ ဘာစက်ရုံအလုပ်ရုံမှမရှိတဲ့အတွက် အဆင်ပြေမှာမဟုတ်ဘူး”ဟု သူကရှင်းပြသည်။

ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီး လုံလောက်စွာမရရှိခြင်းနှင့် ယခင် ဒီမိုကရေစီအစိုးရ လက်ထက်ကနေ စက်မှုဇုံများဖော်ဆောင်ရန်ကြိုးပမ်းခဲ့သော်လည်း အကောင်အထည်ဖော်နိုင်ခဲ့ခြင်း မရှိသည်ကိုလည်း သတိပြုရန်လိုကြောင်း ဦးခိုင်ကောင်းစံက ထောက်ပြပြောဆိုသည်။

ရခိုင်ပြည်နယ်သို့ နေရပ်ပြန်လာသူများကို သက်ဆိုင်ရာ မြို့နယ်အလိုက် သင့်တော်သည့်လုပ်ငန်းများ ဆောင်ရွက်ပေးရန် စီစဉ်နေကြောင်း ရခိုင်ပြည်နယ်စစ်အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်းက DMG သို့ ပြောဆိုထားသည်။

ရခိုင်ပြည်နယ်သို့ ပြန်လည်ရောက်ရှိလာကြသူများမှာ ယခင်ကိုဗစ်ဖြစ်ပွားနောက်ပိုင်းတွင် ထိုင်း၊မလေးရှားစည့် နိုင်ငံများမှ ပြန်လာသူများရှိသလို ပြည်တွင်း၌  စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်း သင်္ကြန်မတိုင်မီအထိ ရခိုင်ပြည်နယ်သို့ နေရပ်ပြန်လာသူဦးရေ ရှစ်သောင်းကျော်ခန့်ရှိနေကြောင်း နေရပ်ပြန်များအရေး လိုက်ပါကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ဗီဒီယိုများ