မဟာနွယ်ဆိုင်နှင့် AA စစ်ဦးစီးချုပ်ညီ ရှယ်ယာဝင်ထားသည့် စားသောက်ဆိုင်ချိပ်ပိတ်ခံရ

အဆိုပါ ဆိုင်၌ AA စစ်ဦးစီးချုပ်၏ ညီဖြစ်သူ ကို‌အောင်မြတ်ကျော် အပါအဝင် စင်ကာပူရောက် ရခိုင်လူငယ်များစုပေါင်းကာ ရှယ်ယာဝင်ထားခြင်းဖြစ်သည်ဟု ၎င်းက ဇန်နဝါရီ ၁၀ ရက်နေ့ ရုံးချိန်းတွင် သူတို့အမှု၏ အကျိုးဆောင်ရှေ့နေများထံမှ တစ်ဆင့် ပြောကြားသည်။

By မြတ်ဝင်းကျော် 10 Jan 2020

မြတ်ဝင်းကျော် | DMG
ဇန်နဝါရီ ၁၀၊ ရန်ကုန်

ရက္ခိုင့်တပ်တော်(AA)စစ်ဦးစီးချုပ်ညီ ကိုအောင်မြတ်ကျော် ရှယ်ယာဝင်ထားသည့် ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက် အသောကလမ်းတွင် ဖွင့်လှစ်ထားသည့် PHOENIX စားသောက်ဆိုင်မှာ ယမန်နေ့ ဇန်နဝါရီလ (၉)ရက်နေ့က ချိပ်ပိတ်ခံထားရသည်။

PHOENIX စားသောက်ဆိုင်အား ပိတ်ထားသည်မှာ သီတင်းတစ်ပတ်ခန့်ရှိနေပြီဖြစ်သော်လည်း ဇန်နဝါရီ ၉ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့၊ ရဲများနှင့် အထူးစစ်ဆေးရေးတိုက် ဖျက်ရေးဦးစီးဌာနတို့က လာရောက်ကာ ချိပ်ပိတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆိုင်၌ AA စစ်ဦးစီးချုပ်၏ ညီဖြစ်သူ ကို‌အောင်မြတ်ကျော် အပါအဝင် စင်ကာပူရောက် ရခိုင်လူငယ်များစုပေါင်းကာ ရှယ်ယာဝင်ထားခြင်းဖြစ်သည်ဟု ၎င်းက ဇန်နဝါရီ ၁၀ ရက်နေ့ ရုံးချိန်းတွင် သူတို့အမှု၏ အကျိုးဆောင်ရှေ့နေများထံမှ တစ်ဆင့် ပြောကြားသည်။

“PHOENIX ဆိုင်ဟာ သူတို့ စင်ကာပူမှာ အခွန်ဆောင်ပြီးတော့ သူတို့ရဲ့ ချွေးနည်းစာနဲ့ရထားတဲ့ ပိုက်ဆံနဲ့ လူငယ်တွေစုပြီးတော့ လုပ်ထားတဲ့ဆိုင်၊ ဒီမှာလည်း တရားဝင်လိုင်စင်ယူပြီးတော့ ဖွင့်ထားတာ လူငယ်တွေ ဘယ်နှစ်ယောက်ဆိုတာတော့ မပြောဘူး။ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုကိုတော့ သူ(ကိုအောင်မြတ်ကျော်) က လုပ်ချင်တာ လုပ်နေကြတာပဲလို့ ပြောတယ်” ဟု ကိုအောင်မြတ်ကျော် ပြောသည်ကို တရားလွှတ်တော်ရှေ့နေ ဦးကျော်မျိုးထွန်းက DMG ကို ပြန်ပြောပြသည်။

ရက္ခိုင့်တပ်တော် (AA )စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီကိုအောင်မြတ်ကျော် အပါအဝင် ၉ ဦးတို့သည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပ‌ဒေ ပုဒ်မ ၅၀ (ည) ၊ ၅၂ (က)တို့ဖြင့်တရားစွဲဆိုခံနေရသည်။

အလားတူ တောင်ဥက္ကလာပ မြို့နယ် ရတနာလမ်း၌ ဖွင့်လှစ်ထားသည့် ရခိုင်အဆိုတော် ဝင်းကိုခိုင် ပိုင်ဆိုင်သည့် မဟာနွယ်စားသောက်ဆိုင်အား ဒီဇင်ဘာလ ၃၀ ရက်နေ့မှ စ၍ ပိတ်ထားရပြီဖြစ်ကာ ဇန်နဝါရီလ ၉ ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် သက်ဆိုင်ရာက လာရောက်ချိပ်ပိတ်ခဲ့သည်။

၎င်းဆိုင် နှစ်ဆိုင်အား ချိပ်ပိတ်ကာ “မည်သူမျှ မကျူးကျော်ရ ငွေကြေခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ စိစစ်ရေးအဖွဲ့မှ ယာယီသိမ်းဆည်းထားသည်။ ဝင်ရောက်ကျူးကျော်၊ ပြောင်းလဲ၊ လွှဲပြောင်း ဖျောက်ဖျက်ပါက ဥပ‌ဒေအရ အရေးယူခြင်းခံရမည် ” ဟု ဆိုင်းဘုတ် ကပ်ထားသည်ကို တွေ့ရသည်။

မဟာနွယ်ဆိုင်၏ တရားဝင်လူမူစာမျှက်နှာတွင်မှု “မဟာနွယ်ဆိုင်အား ယာယီပိတ်ထားပါသဖြင့် ပြန်လည်ဖွင့်လှစ်မည့် အချိန်‌ရောက်သည့်အခါ ကြေညာပေးမည်ဖြစ်ကြောင်း” ရေးသားထားသည်။

ဗီဒီယိုများ