ဆယ်လကျော်ကြာ ပျောက်ဆုံးနေသည့် မြေပုံမြို့နယ်မှ လူငယ်နှစ်ဦးအတွက် မိသားစုဝင်များစိုးရိမ်

“ကျွန်မ အရမ်းခံစားရတယ်။ အအူအသည်း မရှိတော့ဘူးလို့ ထင်ရတယ်။ အားလုံး မိခင်နေရာကနေ ခံစားကြည့်စေချင်တယ်။ ဆယ်လကျော်ရှိပြီ၊ နေ့တိုင်း မျက်ရည်နဲ့မကင်းဘူး။ တတ်နိုင်တဲ့ဘက်က ကူညီပေးကြပါလို့ ကျွန်မတောင်းပန်တယ်” 

06 Aug 2020

ပျောက်ဆုံးသွားသူ နှစ်ဦးထဲမှ ညီဖြစ်သူ ကိုမောင်ဌေးဝင်း၏ မှတ်ပုံတင်

အောင်ထိန် | DMG
သြဂုတ် ၆ ၊ မြေပုံ

ဆယ်လကျော်ကြာသည့်တိုင် သတင်းအစအနမရရှိဘဲ ပျောက်ဆုံးလျှက်ရှိနေသည့် မြေပုံမြို့နယ်၊ ယောချောင်း(ရွာသာယာ)ကျေးရွာမှ လူငယ်နှစ်ဦးအတွက် မိသားစုဝင်များက စိုးရိမ်နေကြသည်။

ကိုမောင်ဝင်းဌေး (၂၉) နှစ်နှင့် ကိုမောင်ဌေးဝင်း (၂၈) နှစ်တို့ ညီအစ်ကိုနှစ်ဦးမှာ ယောချောင်းအထက်ပိုင်း ကိုးချောင်းတွင် လယ်ယာလုပ်ကိုင်နေသူများဖြစ်ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့က ကျွဲရှာရန်သွားစဉ် တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ၎င်းတို့နှစ်ဦး၏ မိခင် ဒေါ်မစောတင်က DMG သို့ ပြောသည်။

“ကျွန်မ အရမ်းခံစားရတယ်။ အအူအသည်း မရှိတော့ဘူးလို့ ထင်ရတယ်။ အားလုံး မိခင်နေရာကနေ ခံစားကြည့်စေချင်တယ်။ ဆယ်လကျော်ရှိပြီ၊ နေ့တိုင်း မျက်ရည်နဲ့မကင်းဘူး။ တတ်နိုင်တဲ့ဘက်က ကူညီပေးကြပါလို့ ကျွန်မတောင်းပန်တယ်” ဟု ဒေါ်မစောတင်က ပြောသည်။

ထိုသို့ပျောက်ဆုံးနေသူနှစ်ဦးမှာ စစ်တွေအကျဉ်းထောင်တွင် ရှိသည်ဟု အကျဉ်းထောင်မှ လွတ်မြောက်လာသည့် မြေပုံဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရှိခဲ့ရကြောင်း ဒေါ်မစောတင်က ဆိုသည်။

ထို့ကြောင့် ယခုနှစ် ဇူလိုင်လ ၂၇ ရက်က စစ်တွေအကျဉ်းထောင်သို့ သွားရောက်မေးမြန်းခဲ့သော်လည်း အကျဉ်းထောင်ဝန်ထမ်းများက ကိုမောင်ဝင်းဌေးနှင့် ကိုမောင်ဌေးဝင်းတို့ မရှိဟု ပြောကြောင်း ၎င်းက ပြောပြသည်။

“ကျွန်မ သားလေးနှစ်ယောက်ပုံကို အဲဒီမှာရှိတဲ့ ရဲသားနှစ်ယောက်ကိုပြတယ်။ ဒီပုံမြင်ဖူးသလားလို့မေးတယ်။ သူတို့က မြင်ဖူးပါတယ်၊ ထောင်ထဲမှာရှိတယ်လို့ ပြောတယ်။ ရှာပေးလို့ပြောတော့ မရှာလိုက်ရဘူး။ မနက်ဖြန်လာခဲ့လို့ပြောတယ်။ နောက်နေ့သွားတော့ မရှိဘူးလို့ပြောတယ်” ဟု ဒေါ်မစောတင်က ဆိုသည်။

ကိုမောင်ဌေးဝင်းနှင့် ကိုမောင်ဝင်းဌေးတို့နှစ်ဦး ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးသွားသည့်ကိစ္စကို သြဂုတ် ၁ ရက်နေ့က ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ထံ တိုင်ကြားခဲ့သည်။

ဖမ်းဆီးခံထားရသည့်လူငယ်နှစ်ဦး စစ်တွေအကျဉ်းထောင်တွင်ရှိပါက မိသားစုဝင်များ တွေ့ခွင့်ရနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဟု ရခိုင့်လူ့အခွင့်အရေးကာ ကွယ်မြှင့်တင်သူများအဖွဲ့၏ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

“ဒီကလေးနှစ်ယောက်ကို အမှန်တကယ် တွေ့ခဲ့ပေမယ့် စစ်တွေထောင်မှာ မရှိဘူးဆိုရင် ကလေးနှစ်ယောက်ကို တွေ့ခဲ့တယ်ဆိုတဲ့လူကို သေချာစီစစ်ပြီး ဆောင်ရွက်သွားမယ်။ သူတို့နှစ်ယောက် ထောင်ထဲမှာရှိတယ်ဆိုရင် မိဘတွေ့နဲ့ တွေ့နိုင်အောင် ကူညီသွားမယ်” ဟု ဦးမြတ်ထွန်းက ပြောသည်။

အဆိုပါလူငယ်နှစ်ဦးကို တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များ၏ ပြောဆိုမှုနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီ တို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါ။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် အေအေတို့၏ ၂ နှစ်ခန့်အကြာ တိုက်ပွဲကာလအတွင်း အေအေနှင့် ဆက်နွယ်သည်ဟုဆိုကာ သံသယဖြင့် ဖမ်းဆီးမှုများရှိနေသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ယခုသြဂုတ်လအထိ တပ်မတော်မှ သံသယဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတင်းတစ်စုံတရာမရဘဲ ပျောက်ဆုံးသူ ၃၀ ဦးခန့်ရှိကြောင်း မိသားစုဝင်များထံမှ သိရှိရသည်။

ဗီဒီယိုများ