မင်းပြားမြို့နယ်တွင် မိုင်းပေါက်ကွဲပြီး အရပ်သား ၃ ဦးဒဏ်ရာရ

“သူတို့က နွားကျောင်းဖို့သွားတဲ့အခါ အရင်ကတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာ ရွှေတမာနဲ့ အောင်ဒိုင်ကျေးရွာကြားမှာ ဖြစ်သွားတာပါ။ မိုင်းနင်းမိတော့ ပေါက်ကွဲသွားတာပါ။ ဒဏ်ရာကတော့ ခြေထောက်တွေမှာ ထိသွားတယ်။ အခုကတော့ တစ်ဦးကပြင်းထန်တယ်။ ၂ ဦးက ဒဏ်ရာနည်းတယ်”

09 Sep 2019

ခိုင်ရိုးလ | DMG

စက်တင်ဘာ ၉ ၊ မင်းပြား

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် အောင်ဒိုင်ကျေးရွာအနီးတွင် မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၃ ဦး ထိခိုက် ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

စက်တင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းက အောင်ဒိုင်ကျေးရွာသားသုံးဦးမှာ ကျေးရွာအနီးနွားကျောင်းသွားစဉ် မိုင်းနင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားကာ သုံးဦးလုံးဒဏ်ရာရရှိခဲ့ကြောင်း ကျေးရွာသားများက ပြောသည်။

ယင်းသို့မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သူသုံးဦးမှာ အောင်ဒိုင်ကျေးရွာမှ ဟူစင်ချော်ရိ၊ ဆွေဒူလာမိန်နှင့် မာမောက်ရော်ဖီးဆိုသူတို့ဖြစ်ပြီး ၎င်းတို့သုံးဦးလုံးမှာ အသက် ၁၆ နှစ်ဝန်းကျင်ရှိသူများဖြစ်ကြောင်း အောင်ဒိုင်ကျေးရွာတာဝန်ခံ ဦးရွှေလှအောင်က ဆိုသည်။

“သူတို့က နွားကျောင်းဖို့သွားတဲ့အခါ အရင်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာ ရွှေတမာနဲ့ အောင်ဒိုင်ကျေးရွာကြားမှာ ဖြစ်သွားတာပါ။ မိုင်းနင်းမိတော့ ပေါက်ကွဲသွားတာပါ။ ဒဏ်ရာကတော့ ခြေထောက်တွေမှာ ထိသွားတယ်။ အခုကတော့ တစ်ဦးကပြင်းထန်တယ်။ ၂ ဦးက ဒဏ်ရာနည်းတယ်” ဟု ဦးရွှေလှအောင်က ဆိုသည်။

ဒဏ်ရာရရှိခဲ့သူ ၃ ဦးအား မြောက်ဦးမြို့နယ် မြောင်းဘွေတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ၂ ဦးမှာ ဒဏ်သာသက်သာသော်လည်း နောက်တစ်ဦးမှာ ဒဏ်ရာမသက်သာသေးကြောင်း သိရသည်။

အဆိုပါ ဒေသခံများနင်းမိသည့်မိုင်းမှာ AA ဘက်ကထောင်ထားသည့် မိုင်းဖြစ်ကြောင်း တပ်မတော်မှ စက်တင်ဘာလ ၈ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

သို့သော် AA ဘက်က ၎င်းတို့ထောင်ထားသည့် မိုင်းမဟုတ်ကြောင်းငြင်းဆိုပြီး ဒေသခံများမိုင်းနင်းမိလျှင် AA ထောင်သည်ဟုထင်အောင် တပ်မတော်မှ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဆိုသည်။

“အဲဒါ ကျနော်တို့နဲ့ပတ်သက်မှုမရှိဘူး။ စစ်တပ်ဘက်က အခုတချို့နေရာတွေမှာ ကင်းစောင့်မိုင်းဆိုပြီးတော့ အရှေ့၊ အနောက်၊ ဘေးပတ်လည် ထောင်ထားတာတွေရှိတယ်။ သူတို့ပြန်သွားတော့ အဲဒီထဲကတစ်ချို့ကို မဖော်ပဲ ထားခဲ့တာတွေရှိတယ်။ အဲဒါကို ရွာသားတွေနင်းမိပြီးဖြစ်သွားတာ” ဟု AA ပြောခွင့်ရသူ ခိုင်သုခက ဆိုသည်။

ဗီဒီယိုများ