ရခိုင်ကစစ်ဘေးရှောင်များ ဘဝရပ်တည်ရေးအတွက် မိုင်းရှင်းလင်းရေးဆောင်ရွက်ပေးရန် အစိုးရအား တိုက်တွန်း

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ နေရပ်ပြန်ပြီး လုံခြုံအေးချမ်းစွာ ဘဝရပ်တည်နိုင်ရေးအတွက် မြေမြှုပ်မိုင်းရှင်းလင်းရေးကို အထူးဂရုစိုက်ဆောင်ရွက်ပေးရန် ပြည်နယ်အစိုးရအား လွှတ်တော်ကိုယ်စားလှယ်များက တိုက်တွန်းပြောဆိုသည်။

By မင်းထွန်း 12 Jan 2021

မင်းထွန်း |DMG
ဇန်နဝါရီ ၁၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ နေရပ်ပြန်ပြီး လုံခြုံအေးချမ်းစွာ ဘဝရပ်တည်နိုင်ရေးအတွက် မြေမြှုပ်မိုင်းရှင်းလင်းရေးကို အထူးဂရုစိုက်ဆောင်ရွက်ပေးရန် ပြည်နယ်အစိုးရအား လွှတ်တော်ကိုယ်စားလှယ်များက တိုက်တွန်းပြောဆိုသည်။

စစ်ဘေးရှောင်များ ကိုယ့်ဒေသ၊ကိုယ့်ရပ်ရွာများသို့ လုံခြုံအေးချမ်းစွာဖြင့် ပြန်လည်သွားရောက် နေထိုင်နိုင်ရေး အတွက် ပိုမိုထိရောက်သော အကူအညီများပေးသင့်ကြောင်း ပြည်နယ်အစိုးရအား တိုက်တွန်းသည့်အဆိုကို ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ယနေ့ ပြည်နယ်လွှတ်တော်၌ တင်သွင်းခဲ့သည်။

တိုက်ပွဲအတွင်း မီးရှို့ခံခဲ့ရသည့် ရပ်ရွာနေအိမ်များ အသစ်ပြန်လည်တည်ဆောက်နိုင်ရေးတွင် အစိုးရမှ တာဝန်သိစွာ ကူညီဆောက်လုပ်ပေးမှသာလျှင် စစ်ဘေးဒုက္ခသည်များ ဘဝရပ်တည်နိုင်မည်ဖြစ်ကြောင်း အဆိုရှင် ဦးဦးသန်းနိုင်ကပြောသည်။

“ဘဝရပ်တည်ရေးအတွက် လယ်ယာကိုင်းကျွန်းတွေမှာ စစ်ပွဲတွေအတွင်းကျန်ရှိခဲ့တဲ့ မြေမြုပ်ဗုံး၊မိုင်းတွေဟာ ဒေသခံတွေအတွက် အန္တရာယ်ရှိနေတဲ့အတွက် မြေမြုပ်မိုင်းရှင်းလင်းရေးကိုလည်း အထူးဂရုစိုက် ဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်”ဟု ၎င်းကဆိုသည်။

စစ်ကျန်မြေမြှုပ်ဗုံးများကြောင့် သေဆုံးဒဏ်ရာရရှိသူများ၊ ခြေလက်အင်္ဂါ ဆုံးရှုံးသွားရသူများ တနေ့တခြား များပြားလာသည့်အတွက် တိုက်ပွဲရှောင်ပြည်သူများမှာ ကြောက်လန့်စိုးရိမ်စိတ်များ တိုးပွားလာနေသည်။

တိုက်ပွဲကာလအတွင်း ကျန်ရှိခဲ့သည့် စစ်ကျန်လက်နက်များ၊ မပေါက်ကွဲသေးသည့် မြေမြုပ်မိုင်းများ ရှင်းလင်းရေး ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးဝင်းမြင့်ကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

လက်ရှိတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲရပ်တန့်နေသည်မှာ နှစ်လကျော်ကြာမြင့်လာကာ စစ်ဘေးရှောင်ဦးရေ ၈ သောင်းကျော်ခန့် နေရပ်ပြန်သွားကြပြီး စစ်ဘေးရှောင် တစ်သိန်းရှစ်သောင်းကျော် နေရပ်ပြန်ရန်ကျန်နေသေးကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ထိုသို့ နေရပ်ပြန်ရန်ကျန်ရှိနေသည့် စစ်ဘေးရှောင်များ လာမည့်မိုးရာသီတွင် ၎င်းတို့၏နေရပ်ဒေသများ၌ ထွန်ယက်စိုက်ပျိုးရေး အဆင်သင့်ရှိနေရန် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများအနေဖြင့် စီစဉ်ပေးရန်လိုအပ်ကြောင်း ဦးဦးသန်းနိုင်က ဆိုသည်။

ယနေ့တင်သွင်းခဲ့သည့် အဆိုကို မင်းပြားမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့်က ထောက်ခံဆွေးနွေးခဲ့ပြီး ကန့်ကွက်သူမရှိသဖြင့် အဆိုကို ဆက်လက်ဆွေးနွေးရန် ပြည်နယ်လွှတ်တော်မှ ဆုံးဖြတ်ခဲ့သည်။

“တိုက်ပွဲ ၂ နှစ်နီးပါးဖြစ်ပြီး အခုအချိန်မှာတိုက်ပွဲရပ်သွားလို့ ကျနော်တို့အိမ်ကိုသွားကြည့်တော့ အိမ်မှာထားခဲ့တဲ့ အိုးခွက်ပန်းကန်တွေ၊ မိသားစုစားဝတ်နေရေးအတွက် ထားခဲ့တဲ့ပစ္စည်းတွေ ဘာတစ်ခုမှမရှိတော့တာကို တွေ့ရ တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျနော်တို့ပြည်သူလူထု ဒုက္ခဘယ်လိုဖြစ်နေလဲဆိုတာကို ခံစားမိတယ်” ဟု အဆိုကို ထောက်ခံဆွေးနွေးခဲ့သည့် ဦးလှအောင်ညွန့်ကပြောသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် အေအေတို့၏တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေး ရှောင်များမှာ စားဝတ်နေရေးအခက်အခဲများအပြင် လက်ရှိတွင် ဆောင်းရာသီဖြစ်သည့်အတွက် အနွေးထည်များနှင့်စောင်များပါ အရေးပေါ်လိုအပ်လျှက်ရှိနေကြသည်။

ဗီဒီယိုများ