တောတောင်များတွင် မိုင်းရှင်းလင်းရေးကိစ္စ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ညှိနှိုင်းနေ

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့် တောတောင်များတွင် မိုင်းရှင်းလင်းရေးကိစ္စကို မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ ဆွေးနွေးညှိနှိုင်းနေကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။

10 Mar 2021

Photo: cincds.gov.mm

DMG ၊ မတ် ၁၀

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့် တောတောင်များတွင် မိုင်းရှင်းလင်းရေးကိစ္စကို မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ ဆွေးနွေးညှိနှိုင်းနေကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။

တောတောင်များတွင် မိုင်းရှင်းလင်းရေးကို ရက္ခိုင့်တပ်တော်ဖက်မှ ပြုလုပ်မည်ဟု အကြမ်းအားဖြင့် သိထားကြောင်း ဗိုလ်မှူးကြီးမင်းသန်းက ဆိုသည်။

“ တောတောင်တွေက ဟိုဖက်က အဖွဲ့က ရှင်းမယ်လို့ အကြမ်းအားဖြင့် သိထားတယ်။ လူကြီးတွေ ညိုနိူင်း နေတယ်၊ တောတောင်တွေမှာတော့ ဟိုအဖွဲ့တွေက သူတို့လုပ်ထားတာကို အရင်ထုတ်မယ်ပေါ့၊ အဲဒါတော့ အကြမ်းအားဖြင့် သိရတယ်” ဟု ပြောသည်။

အဆိုပါ မိုင်းရှင်းလင်းရေးကိစ္စနှင့်ပတ်သတ်ပြီး ရက္ခိုင့်တပ်တော်ကို  အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့်အတွက် DMG အနေဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပေ။ 

တောတောင်များ၌ ၎င်းတို့ဖက်မှ စတင်ရှင်းလင်းမည်ကို လူကြီးချင်းညှိနိူင်းနေဆဲဖြစ်ကြောင်း ဗိုလ်မှူးကြီးမင်း သန်းက ဆိုသည်။ “ လူကြီးချင်းညှိနေတာပေါ့  ” ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့က မြေပုံမြို့နယ်တွင် အသက် ၂၇ နှစ်အရွယ် ဒေသခံလူငယ်တစ်ဦးမှာ မိုင်းဟု ယူဆရသည့် စစ်ကျန်လက်နက်နင်းမိသည့်အတွက် ခြေထောက်ပြတ်ထွက်သွားသည့်ဖြစ်စဉ်ရှိခဲ့ပြီး မတ်လ ၄ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်တွင် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အောက် ကလေးငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ယင်းအပြင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း အမ်းမြို့နယ်တွင် သစ်ခုတ်သွားသည့် ဒေသခံတစ်ဦးမှာ မိုင်းပေါက်ကွဲမှုကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရသည်။

ရခိုင်ပြည်နယ်ရှိ ဒေသခံများအနေဖြင့် တောတောင်များကို မှီခိုလုပ်ကိုင်စားသောက်နေသူများဖြစ်သည့်အတွက် ယင်းနေရာများတွင် မိုင်းရှင်းလင်းပေးရန် တောင်းဆိုနေကြသကဲ့သို့ လမ်းမများတွင် မိုင်းရှင်းလင်းပေးပြီး ၎င်းတို့လုပ်ကိုင်စားသောက်နေသည့် တောတောင်များတွင် မိုင်းရှင်းလင်းမပေးလျှင် နေရပ်မပြန်နိုင်ကြောင်း စစ်ဘေးရှောင်များက ပြောဆိုကြသည်။

မြန်မာတပ်မတော်အနေဖြင့်  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ မိုင်းရှင်းလင်းရေးအား ရခိုင်ပြည်နယ်အတွင်းက နေရာတချို့တွင် လုပ်ဆောင်လျက်ရှိပြီး လက်ရှိမှာ အမ်းဘက်တွင် ဆက်လက်ရှင်းလင်းနေကြောင်း  ဗိုလ်မှူးကြီးမင်းသန်းက ဆိုသည်။ 

“ အခုကတော့ အမ်းဖက်ကို ရှင်းနေတာရှိတယ်။  မြောက်ဦးတော်လောက်ပီလို့တူတယ်။ ဒီဖက်ကတော့ ရွှေလောင်းကံတို့ ဦးဂါတို့ အဲဒါတွေကိုရှင်းနေတယ်၊ တောင်ပုတ်ကေရွာ ကမ်းနီး အဲဘက်တွေမှာ မိုင်းဟောင်းတွေ တွေ့တာရှိတယ်” ဟု ပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒေသများ၌ မိုင်းနှင့် စစ်ကျန်လက်နက်ဆိုးကျိုးကြောင့် ၂ နှစ်တာ ကာလအတွင်း မိုင်းထိမှန်မူနှင့် စစ်ကျန်လက်နက်ထိမှန်မှု သေဆုံးသူ ၃၃ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၆၆ ဦး အထိရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ ၂၀၂၀ စာရင်းအရ သိရသည်။

လက်ရှိ တပ်မတော်ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ရခိုင်မျိုးသားပါတီအနေဖြင့် ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ပေးရေးကို တောင်းဆိုထားကာ လိုအပ်သလို ဆက်စပ်ဆောင်ရွက်သွားမည်ဟု ANP ၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့က ပြည်သူများသို့ အစီရင်ခံတင်ပြခြင်းမှာ ဖော်ပြပါရှိသည်။

ဗီဒီယိုများ