ရခိုင်တွင် မိုင်းအန္တရာယ် အသိပညာပေးပြုလုပ်မည်

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေပြီး ယင်း၏အကျိုးဆက်အဖြစ် အရပ်သားများ မိုင်းထိမှန်ကာ သေဆုံး၊ဒဏ်ရာရရှိမှုအရေအတွက် မြင့်တက်လာသည်။

By ဝင်းညွန့် 02 Dec 2019

ဝင်းညွန့် | DMG
ဒီဇင်ဘာ ၂၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေပြီး ယင်း၏အကျိုးဆက်အဖြစ် အရပ်သားများ မိုင်းထိမှန်ကာ သေဆုံး၊ဒဏ်ရာရရှိမှုအရေအတွက် မြင့်တက်လာသည်။

ထို့ကြောင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြားမြို့နယ်များတွင် မိုင်းအန္တရာယ် အသိပေးလုပ်ငန်းတစ်ရပ်ကို လာမည့် ဇန်နဝါရီလအတွင်း အကောင်အထည်ဖော်မည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။

“အဓိကတော့ ကျွန်တော်တို့ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ကူညီတဲ့အနေနဲ့ မိုင်းကြောင့် အရပ်သားသေဆုံးမူတွေကို လျှော့ချနိုင်ရေးအတွက်ပါ ပြုလုပ်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကပင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် တောတောင်များတွင် ဟင်းရှာ၊ ထင်းခုတ်သွားသူများ၊ ရွာအနီးနွားကျောင်းနေကြသည့် ဒေသခံများမှာ မိုင်းနင်းမိကာ မကြာခဏ သေဆုံး၊ ဒဏ်ရာရရှိမှုများရှိနေသည်။

ရခိုင်ပြည်နယ်တွင် မိုင်းအန္တရာယ်ကြောင့် သေဆုံးသူ (၁၆)ယောက်ရှိပြီး ဒဏ်ရာရရှိသူ (၅၇)ယောက်ရှိသည်။ ဒဏ်ရာရသူများအနက် (၁၅)ယောက်မှာ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းသွားသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးထံက သိရသည်။

Related Post : ဘူးသီးတောင်တွင် မွတ်ဆလင်တစ်ဦး မိုင်းနင်းမိ၍ ပြင်းထန်စွာဒဏ်ရာရ

ဗီဒီယိုများ