စစ်တွေ မင်းဂံရပ်ကွက်တွင် မဲဆန္ဒရှင် ၃၀ ရာခိုင်နှုန်းကျော်သာ မဲလာပေး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ မင်းဂံရပ်ကွက်တစ်ခုလုံးရှိ မဲပေးပိုင်ခွင့်ရှိသူ တစ်သောင်းကျော်ရှိ သော်လည်း မဲဆန္ဒရှင် ၃၀ ရာခိုင်နှုန်းကျော်ကသာ မဲလာပေးကြောင်း သက်ဆိုင်ရာ နိုင်ငံရေးပါတီများ၏ မဲရုံကိုယ်စားလှယ်များ ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

08 Nov 2020

ခင်သရဖီဦး၊ DMG
နိုဝင်ဘာ ၈ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ မင်းဂံရပ်ကွက်တစ်ခုလုံးရှိ မဲပေးပိုင်ခွင့်ရှိသူ တစ်သောင်းကျော်ရှိ သော်လည်း မဲဆန္ဒရှင် ၃၀ ရာခိုင်နှုန်းကျော်ကသာ မဲလာပေးကြောင်း သက်ဆိုင်ရာ နိုင်ငံရေးပါတီများ၏ မဲရုံကိုယ်စားလှယ်များ ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

မင်းဂံရပ်ကွက်အတွင်း မဲဆန္ဒရှင် ၁၀၃၀၀ ကျော် ရှိသော်လည်း ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် ညနေ ၄ နာရီ မဲရုံပိတ်ပြီးချိန်အထိ စာရင်းများအရ မဲဆန္ဒရှင် သုံးထောင်ကျော်သာ မဲလာပေးခဲ့ကြကြောင်း သိရသည်။

စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ANP ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သည့် ဦးအောင်မြကျော်က “ရခိုင်ပြည်နယ်က ဒုက္ခပေါင်းစုံကို ခံစားနေရတဲ့အခါ မဲပေးချင်တဲ့ ဆန္ဒတွေလည်း ပျောက်ဆုံးသွားတဲ့ သဘောမျိုး မြင်ရတယ်။ မင်းဂံတခုတည်းမဟုတ်ဘူး၊ တခြားမဲရုံတွေမှာလည်း တွေ့ရတယ်။ ဒါကတော့ ရခိုပြည်နယ်မှာရှိတဲ့ စစ်ဘေး၊စစ်ဒဏ် ဒုက္ခတွေကြောင့်၊ နောက် ကိုဗစ်ကြောင့်လည်း ဆင်းရဲနွမ်းပါးတာတွေနဲ့ ကိုယ့်ဟာကိုယ့် ရုန်းကန်နေကြရတယ်ဆိုတော့ စိတ်ဝင်စားမှု အရမ်းနည်းသွားတဲ့ သဘောလို့ သုံးသပ်ပါတယ်” ဟု ဆိုသည်။

အလားတူ ပြည်သူလူထုအနေဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တက်ကြွစွာ မဲပေးခဲ့သော်လည်း ယခု ရွေးကောက်ပွဲတွင်မူ မဲလာပေးမှု အလွန်နည်းပါးသည်ကို တွေ့ရှိနေရကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့မှ အဖွဲ့ဝင် ကိုအောင်နိုင်က ဆိုသည်။

“စစ်တွေမြို့မှာ ကျနော်တို့မြင်တာက စိတ်ဝင်စားမှု အားနည်းကြတယ်။ ရွေးကောက်ပွဲပေါ်မှာ လူထုက စိတ်ဝင်းစားမှု မရှိဆိုတာကို ကျနော်တို့က သုံးသပ်လို့ရတယ်။ ၂၀၁၅ မှာတော့ လူတိုင်းက မဲပေးဖို့အတွက်ကို တက်တက်ကြွကြွ ပါဝင်တာတွေ့ရတယ်။ အခု ၂၀၂၀ မှာကျတော့ ကိုဗစ်အခြေအနေကြောင့်လား ဒါမှမဟုတ် ရွေးကောက်ပွဲအပေါ်မှာ စိတ်ပျက်ပြီး ယုံကြည်မှု အားနည်းသွားတယ်လို့ မြင်ပါတယ်” ဟုဆိုသည်။

စစ်တွေမြို့နယ်ရှိ မဲဆန္ဒနယ် အသီးသီးတွင် နိုင်ငံရေးပါတီ ၄ ပါတီမှ ကိုယ်စားလှယ်လောင်း ၁၆ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁ ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး မဲရုံပိတ်သည့်အချိန် ညနေ ၄ နာရီနောက်ပိုင်းမှ စတင်ကာ မဲရလဒ်များကို စတင် ရေတွက်နေပြီဖြစ်ကြောင်း သိရသည်။

ဗီဒီယိုများ