စစ်ကောင်စီမှ ဖမ်းဆီးမှုကြောင့် သာယာဝတီမြို့နယ်အတွင်း CDM ပညာရေးဝန်ထမ်း ၇ ဦး အထိရှိလာ

ပဲခူးတိုင်း သာယာဝတီမြို့နယ်အတွင်း စစ်ကောင်စီမှဖမ်းဆီးမှုကြောင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်း ၇ ဦးအထိ ရှိလာကြောင်း အခြေခံပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီအဖွဲ့ (သာယာဝတီ) ထံမှ သိရသည်။

04 Dec 2021

ပုံစာ - သာယာဝတီမြို့နယ် ပညာရေးမှူးရုံး facebook page

DMG ၊ ဒီဇင်ဘာ ၄

ပဲခူးတိုင်း သာယာဝတီမြို့နယ်အတွင်း စစ်ကောင်စီမှဖမ်းဆီးမှုကြောင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်း ၇ ဦးအထိ ရှိလာကြောင်း အခြေခံပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီအဖွဲ့ (သာယာဝတီ) ထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ သာယာဝတီမြို့နယ်တွင် CDM ပညာရေးဝန်ထမ်းများကို နေအိမ်များရှိရာသို့ လိုက်လံဖမ်းဆီးနေပြီး မတွေ့ရှိပါက မိဘနှင့်မိသားစုများကို ဓားစာခံဖြင့် ဖမ်းဆီးမှုများပါ
ပြုလုပ်လျက်ရှိကြောင်း အခြေခံပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (သာယာဝတီ) အဖွဲ့ဝင်တစ်ဦးမှ ပြောသည်။

"CDM ဝင်ရောက်ထားတဲ့ သူတွေကို သူတို့ (စစ်ကောင်စီ) တွေက အတင်းအကျပ် လိုက်ဖမ်းနေတာရှိတယ်။ ဖမ်းချင်တဲ့သူမတွေ့ရင် အိမ်ကသူတွေကို အတင်းအကျပ်ရိုက်နှက်ပြီး ဖမ်းခေါ်သွားတယ်။ ဓားစာခံပုံစံနဲ့ ဖမ်းခေါ်သွားတဲ့ ပုံစံဖြစ်နေပါတယ်။ ဒါက နေရာတိုင်းမှာကို ဖြစ်နေတာပါ။" ဟု အဆိုပါကော်မတီအဖွဲ့ဝင်က ပြောသည်။

ဓားစာခံအဖြစ်ဖမ်းဆီးခံရမှုများ၌ သာယာဝတီမြို့နယ် ငဖြူကလေးကျေးရွာရှိ CDM ကျောင်းဆရာဝန်ထမ်းဖြစ်သူ ဦးတေဇာမင်းအောင်၏ နေအိမ်သို့ ဒုတိယအကြိမ် စစ်ကောင်စီအဖွဲ့များ ဝင်ရောက်ဖမ်းဆီးရာ မတွေ့သဖြင့် ၎င်း၏ဖခင်အား ဓားစာခံအဖြစ် ဖမ်းဆီးမှုနှင့် လှည်းလမ်းကူးကျေးရွာရှိ ဒေါ်သူဇာမြင့် (လယ်ပြ) အား မတွေ့ရှိသဖြင့် သူမနှင့်တူတော်စပ်သူ ကျောင်းသားတစ်ဦးကိုဖမ်းဆီးမှု စသည်တို့ကြောင့် မိဘများနှင့်မိသားစုဝင်များကို စိတ်ပူ၍ ကိုယ်တိုင်ဖမ်းဆီးခံခဲ့မှုများရှိကြောင်း ဖမ်းဆီးခံရသည့် နီးစပ်သူမိသားစုဝင်များက ပြောဆိုကြသည်။

သာယာဝတီ သုံးဆယ်မြို့၌ အာဏာဖီဆန်လှုပ်ရှားမှု (CDM) ဝင်ရောက်ခဲ့ပြီးနောက် တိမ်းရှောင်ရင်း နေအိမ်ကို ညပိုင်းခေတ္တပြန်လာခဲ့အချိန် ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက် ၌ စစ်ကောင်စီတပ် အင်အားအများအပြားနှင့် လာရောက်ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း CDM ပညာရေး ဝန်ထမ်းဖြစ်သူ ကျောင်းဆရာဦးအောင်ရဲထွဋ်၏ မိသားစုဝင်တစ်ဦးက DMG ကို ပြောသည်။

"စစ်ကောင်စီလက်အောက်မှာ ပညာသင်ယူပေးဖို့မရှိတဲ့အတွက် CDM ဝင်ရောက်သွားတာပေါ့။ အာဏာစသိမ်းတဲ့ အချိန်ကတည်းက ဖြစ်ပါတယ်။ အဲတာနဲ့ ဖမ်းဆီးတွေများလို့ သူကတိမ်းရှောင်နေရင်းနဲ့ အိမ်ကိုခဏပဲ ပြန်လာတုန်းတနေ့ကပဲ ရဲတွေကော စစ်သားတွေပါ ရာအိမ်မှူးတွေလည်းပါတယ်။ အတင်းအကျပ်ဖမ်းဆီးသွားတာ ခံလိုက်ရပါတယ်။" ဟု အဆိုပါ မိသားစုဝင်က ပြောသည်။

ကျောင်းဆရာဦးအောင်ရဲထွဋ် အပါအဝင် ဖလံကုန်းကျေးရွာမှ ရွာသားနှစ်ဦးကိုပါ ဖမ်းဆီးသွားခဲ့ကြောင်း ဖလံကုန်းကျေးရွာဒေသခံတစ်ဦးက ဆိုသည်။

"ဆရာ့ကို ဖမ်းသွားတာ။ အဲတာလည်းမပြီးသေးဘူး။ ရွာထဲက လူနှစ်ယောက်ကိုပါ ထပ်ဖမ်းသွားပါတယ်" ဟု အဆိုပါ ကျေးရွာဒေသခံက ပြောသည်။

ထို့အပြင် ငဖြူကလေးကျေးရွာမှ CDM ဝင်ရောက်ထားသူ ကျောင်းဆရာ ဦးလှမျိုးထွန်းကို ဒီဇင်ဘာ ၁ ရက် နေ့လည် ၁၁ နာရီအချိန်တွင် စစ်ကောင်စီတပ်များမှ အင်အားသုံးဖမ်းဆီးခံခဲ့ရကြောင်း သာယာဝတီမြို့နယ် CDM ညာရေးဝန်ထမ်းများက ဆိုသည်။

စစ်ကောင်စီမှ အာဏာသိမ်းယူသည့် ဖေဖော်ဝါရီလမှ ယခု ဒီဇင်ဘာပထမပတ်အတွင်း သာယာဝတီခရိုင်ရှိမြို့နယ် ၈ မြို့နယ်၌ ပညာရေးဝန်ထမ်း ၅၂၇ ဦးမှာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားကြောင်း သိရသည်။

ဗီဒီယိုများ