ကျောက်တော် မီးဝကျေးရွာသား ၆ ဦးကို တပ်ကဖမ်းဆီးထားကြောင်းသိရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မီးဝကျေးရွာမှ အရပ်သား ၆ ဦးကို နိုဝင်ဘာ ၂၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် တပ်မတော်စစ်ကြောင်းတစ်ခုက ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

By ဝင်းညွန့် 22 Nov 2019

ဝင်းညွန့် | DMG
နိုဝင်ဘာ ၂၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မီးဝကျေးရွာမှ အရပ်သား ၆ ဦးကို နိုဝင်ဘာ ၂၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် တပ်မတော်စစ်ကြောင်းတစ်ခုက ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

မီးဝကျေးရွာမှ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်နေသည့် မီးဝကျေးရွာသား ဦးကျော်သန်း၊ ဦးရွှေနု၊ ကိုသန်းဦးလှိုင်တို့နှင့် ယင်းရွာသို့အလည်ရောက်ရှိနေသည့် မြောက်ဦးမြို့မှ ကိုကျော်စိုးဝင်း၊ ကိုမျိုးဦးနှင့်မုန့်သန်းပြင်ကျေးရွာမှ ကိုညီညီအောင်တို့ ၆ ဦးကို တပ်မတော်စစ်ကြောင်းက လမ်းပြရန်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း မုန့်သန်းပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်ကျော်က ဆိုသည်။

“သူတို့ကို ပထမခေါ်သွားတာကတော့ လမ်းပြဖို့အတွက် ခေါ်သွားတယ်လို့ပြောတယ်။ မနက် ၅ နာရီလောက်က လက်ဖက်ရည်သောက်နေတာက ခေါ်သွားတာ” ဟု ဦးစိန်ကျော်က ပြောသည်။

ယင်းနေ့က မီးဝကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘဲ တပ်မတော်စစ်ကြောင်းက ရွာထဲသို့ဝင်ရောက်လာကာ အရပ်သား ၆ ဦးကိုခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

၎င်းတို့ ၆ ဦးကို ကျောက်တော်မြို့နယ် ကျော်ရွှီပြင်ကျေးရွာသို့ ခေါ်သွားသဖြင့် မိသားစုမှသွားရောက် တွေ့ဆုံခဲ့ရာတွင် မသင်္ကာ၍ဖမ်းဆီးထားသည်ဟု ပြောကြောင်း ဦးစိန်ကျော်က ဆိုသည်။

“ကျနော်နဲ့မိသားစုဝင်တွေသွားတွေ့တော့ သူတို့ကို မသင်္ကာမှုနဲ့ဖမ်းတယ်လို့ပြောတယ်” ဟု ၎င်းကဆိုသည်။

သို့သော် တပ်မတော် အနောက်ပိုင်းတိုင်းစစ်ဌာနာချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ၎င်းကျေးရွာသားများကို ဖမ်းဆီးထားခြင်းမရှိကြောင်း ပြောသည်။

“အဲဒီနားမှာ ဖြစ်စဉ်လည်းမရှိဘူး၊ ဖမ်းတာလည်း ဘာမှမရှိဘူး” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုမှာ ပြင်းထန်နေဆဲဖြစ်ပြီး တပ်မတော်က ဒေသခံကျေးရွာသားများကို သံသယဖြင့်ဖမ်းဆီးစစ်ဆေးမှုများမှာလည်း တစ်နေ့ထက်တစ်နေ့များလာနေသည်။

ထိုသို့တိုက်ပွဲအကျိုးဆက်ကြောင့် အရပ်သားသေဆုံးသူ ၈၀ ကျော်ရှိပြီး ဒဏ်ရာရရှိသူ ၁၂၀ ကျော်အထိရှိကာ နေ့စဉ်ဖြစ်ပွားနေသည့် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများကြောင့်လည်း အရပ်သားထိခိုက်သေဆုံးမှုများ တိုးလာနေသည်။

ဗီဒီယိုများ