DMG သတင်းဌာနမှ သတင်းသမားနှစ်ဦးကို အမှုဖွင့်ထားခြင်းနှင့် ပတ်သက်ပြီး တပ်မတော်အနေဖြင့် သတင်း ဖော်ပြခြင်းနှင့်ပတ်သက်၍ ကျေနပ်မှုမရှိပါက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြားရန် သတင်း မီဒီယာအဖွဲ့ (၆) ဖွဲ့မှ တိုက်တွန်း

ရခိုင်အခြေစိုက် Development Media Group (DMG) သတင်းဌာနမှ အမျိုးသမီးသတင်းထောက်နှင့် ဒုတာဝန်ခံအယ်ဒီတာတစ်ဦး အမှုဖွင့်ခံထားရခြင်းနှင့် ပတ်သက်ပြီး တပ်မတော်အနေဖြင့် သတင်းဖော်ပြခြင်းနှင့်ပတ်သက်၍ ကျေနပ်မှုမရှိပါက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြားရန် သတင်းမီဒီယာအဖွဲ့(၆) ဖွဲ့မှ ယနေ့ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

By ဉာဏ်ဟိန်း 25 Jan 2021

ဉာဏ်ဟိန်း | DMG
ဇန်နဝါရီ ၂၅ ၊ စစ်တွေ

ရခိုင်အခြေစိုက် Development Media Group (DMG) သတင်းဌာနမှ အမျိုးသမီးသတင်းထောက်နှင့် ဒုတာဝန်ခံအယ်ဒီတာတစ်ဦး အမှုဖွင့်ခံထားရခြင်းနှင့် ပတ်သက်ပြီး တပ်မတော်အနေဖြင့် သတင်းဖော်ပြခြင်းနှင့်ပတ်သက်၍ ကျေနပ်မှုမရှိပါက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြားရန် သတင်းမီဒီယာအဖွဲ့(၆) ဖွဲ့မှ ယနေ့ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ သတင်းမီဒီယာအဖွဲ့အစည်းများမှာ မြေလတ်ဂျာနယ်လစ်ကွန်ရက်၊ မြန်မာဂျာနယ်လစ်ကွန်ရက် (ဧရာဝတီ)၊ လားရိူးသတင်းထောက်များအဖွဲ့၊ မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက်၊ တောင်ကြီးသတင်း ထောက်များအသင်းနှင့် မြန်မာဂျာနယ်လစ်ကွန်ရက်တို့ဖြစ်ပြီး DMG သတင်းဌာနအပေါ် တပ်မတော်က တရားစွဲ ဆိုခြင်းအား မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့်လည်း ကြားဝင်ညှိနှိုင်းပေးရန် ထိုထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

“ဒီနေ့ ညနေ ၄ နာရီခွဲလောက်မှာတော့ အမှတ်(၂) ရဲစခန်းက စခန်းမှူးနဲ့ အမှုစစ် ဒုရဲအုပ်တစ်ယောက် ရောက်လာပြီးတော့ အမှုဖွင့်ခံထားရတဲ့ ဦးနေဝင်းစံနဲ့ နှင်းနွယ်ဆိုတာ ဘယ်သူတွေလဲ၊ ဘယ်မှာနေတာလဲ ဆိုပြီးတော့ လာမေးတာတော့ရှိတယ်။ ကျနော်တို့ကလည်း သူတို့နဲ့ အဆက်အသွယ် အမြန်ဆုံးရရှိအောင် ဆောင်ရွက်နေပြီးတော့ စခန်းမှာ လာရောက်ဖြေရှင်းမယ်ဆိုတာ ပြောလိုက်ပါတယ်။ အခုတော့ ကျနော်တို့မှာ ဥပဒေအကြံပေးတွေ၊ DMG ရဲ့ အကြံပေးအဖွဲ့ဝင်တွေနဲ့ တိုင်ပင်ဆွေးနွေးနေဆဲပဲ ဖြစ်ပါတယ်။ ကျနော်တို့ကတော့ ဒီအမှုကို ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းသွားမှာပါ” ဟု DMG သတင်းဌာနမှ Operation Manager ကိုဇော်ဇော်က ပြောသည်။

တပ်မတော်အနေဖြင့် သတင်းရေးသားခြင်းနှင့်ပတ်သက်ပြီး ကျေနပ်မှုမရှိပါက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှတဆင့် တိုင်ကြားသင့်ကြောင့် DMG သတင်းဌာမှ ဒုတာဝန်ခံအယ်ဒီတာ ဦးနေဝင်းစံက ထောက်ပြပြောဆိုသည်။

“သတင်းမီဒီယာနဲ့ ပတ်သက်ပြီးတော့ ဥပဒေကြောင်းအရ Myanmar Press Council (MPC) က တဆင့် သွားဖို့လိုအပ်တယ်။ သတင်းဖော်ပြမှုနဲ့ ပတ်သက်ပြီးတော့ အခုလို တိုက်ရိုက်အမှုဖွင့်တာတွေ မလုပ်သင့်ဘူး။ MPC က တဆင့်သွားမှပဲ ဆွေးနွေးညှိနှိုင်းရေးက အဆင်ပြေမှာ။ အခုလိုမျိုး တိုက်ရိုက်အမှုဖွင့်တာကတော့ သတင်းသမားတွေကို စိုးရိမ်းမှုပိုပြီးတော့ ဖြစ်စေတယ်။ ဥပဒေအကာကွယ်မဲ့သလိုဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့က Development Media Group (DMG) ၏ သတင်းထောက် နှင်းနွယ် အမည်ဖြင့် ရးသားပေးပို့လာသည့် “ ကျောက်တော်မြို့နယ် မာလာကျေးရွာက စပါးတောင်း (၇၀၀) ကို တပ်မတော်သားများ ယူဆောင်သွားဟုဆို” သတင်းကို Development Media Group ၏ Facebook, Website စာမျက်နှာတို့တွင် ဖာ်ပြခဲ့သည်။

ထိုမာလာကျေးရွာ (ရခိုင်) မှ စပါးတောင်း (၇၀၀) ယူဆောင်ခြင်းနှင့်ပတ်သက်ပြီး သတင်းဖော်ပြခဲ့ရာတွင် တပ်မတော်ကို အသရေဖျက်သည်ဟုဆိုကာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့က တပ်မတော်သား ဗိုလ်မှူးဘုန်းမြင့်ကျော်မှ စစ်တွေမြို့ရှိ အမှတ် (၂) နယ်မြေရဲစခန်းတွင် DMG ၏ ဒု-တာဝန်ခံ အယ်ဒီတာ နေဝင်းစံနှင့် သတင်းထောက် နှင်းနွယ်တို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်လှစ်ထားခြင်း ဖြစ်သည်။

သတင်းကျင့်ဝတ်နှင့်အညီ ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည့်အတွက် အမှုဖွင့်လှစ်သူ ဗိုလ်မှူး ဘုန်းမြင့်ကျော်မှ အမှုကို ပြန်လည်ရုပ်သိမ်းပေးရန် DMG သတင်းဌာနမှ ယနေ့ ဇန်နဝါရီလ ၂၅ နေ့က တောင်းဆိုထားသည်။

ဗီဒီယိုများ