မြန်မာနိုင်ငံ၏ပြဿနာများကို လက်နက်ကိုင်ဖြေရှင်း၍မရဟု ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာနိုင်ငံ၏ပြဿနာများကို လက်နက်ကိုင်ပြီး အားသာချက်ယူခြင်း၊ ဖြေရှင်းချက်အသစ်များနှင့် စိတ်ကူးယဉ်၍ မရ‌ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ယ ယနေ့ ဇန်နဝါရီ ၈ ရက်နေ့တွင် ပြောကြားလိုက်သည်။

By မြတ်ဝင်းကျော် 08 Jan 2020

(ဓာတ်ပုံ - Reuters)

မြတ်ဝင်းကျော် | DMG
ဇန်နဝါရီ ၈၊ စစ်တွေ

မြန်မာနိုင်ငံ၏ပြဿနာများကို လက်နက်ကိုင်ပြီး အားသာချက်ယူခြင်း၊ ဖြေရှင်းချက်အသစ်များနှင့် စိတ်ကူးယဉ်၍ မရ‌ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ယ ယနေ့ ဇန်နဝါရီ ၈ ရက်နေ့တွင် ပြောကြားလိုက်သည်။

နေပြည်တော်၌ ယနေ့ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး (JICM) ၈ ကြိမ်မြောက် ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

လက်နက်ကိုင်ပဋိပက္ခများကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်မှုများရှိကာ ပြည်သူများ ဒုက္ခသည်စခန်းများတွင် ဆင်းဆင်းရဲရဲနေကြရသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ရေတိုခဏကာလမှာတော့ မာန်မာနတွေ၊ အဃာတတွေနဲ့ လက်နက်ကိုင်တိုက်ပွဲတွေမှာ စီးမျောနေကြလိမ့်မယ်။ ရေရှည်ကာလမှာတော့ ဒီလက်နက်ကိုင်တိုက်ပွဲတွေရဲ့ နောက်ကွယ်မှာ ပေးဆပ်လိုက်တာက ကျမတို့တိုင်းရင်းသားတွေ၊ ကျမတို့ တိုင်းရင်းသားတွေဆိုတာကို တစ်ဖြည်းဖြည်းချင်း အထင်အရှား တွေ့မြင်လာကြရလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် နိုင်ငံရေးစားပွဲဝိုင်းများတွင် ဝင်ထိုင်ပြီး မိမိတို့၏ လိုအင်ဆန္ဒများကို ပွင့်ပွင့်လင်းလင်းပြောပြကာ ဆွေးနွေးရန် လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ဒီလိုဆွေးနွေးနိုင်ဖို့အတွက်လည်း ကျမတို့ ငြိမ်းချမ်းရေးတံခါးဖွင့်ပေးတာဖြစ်ပါတယ်။ ဖွင့်လှစ်ထားတဲ့ ငြိမ်းချမ်းရေးတံခါးကနေ ဂုဏ်သိက္ခာရှိရှိ ယုံကြည်မှုရှိရှိနဲ့ လျှောက်လှမ်းလာခဲ့ကြဖို့ ကျမအနေနဲ့ အလေးအနက် တိုက်တွန်းပါတယ်” ဟု ၎င်းက ဆက်လက်ဆိုသည်။

ပစ်ခတ်တိုက်ခိုက်မှု မရပ်စဲနိုင်သေးသောအဖွဲ့များ၊ NCA လက်မှတ်မထိုးနိုင်သေးသော အဖွဲ့များနှင့် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံပြီး ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲရန်၊ NCA မှာပါဝင်နိုင်ရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၊ ငြိမ်းချမ်းရေးကော်မရှင်က ကြိုးပမ်းဆောင်ရွက်နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ဒီအဖွဲ့တွေအနေနဲ့ NCA ရဲ့ ထီးရိပ်အောက်မှာ စုပေါင်းဆွေးနွေးမှုတွေပြုလုပ်နိုင်သလို၊ လိုအပ်ရင် လိုအပ်သလို တစ်ဖွဲ့ချင်းနဲ့ သီးခြားဆွေးနွေးနိုင်ကြဖို့လည်း ကျမတို့အစိုးရအနေနဲ့ တံခါးဖွင့်ထားပြီးဖြစ်ပါတယ်။ ဒီလိုဆွေးနွေးနိုင်ဖို့လည်း NCA မှာလည်း အတိအလင်းဖော်ပြထားပြီးဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ဆိုသည်။

အလားတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် ကလည်း NCA စာချုပ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပါဝင်သင့်ပါဝင်ထိုက်သည့် အဖွဲ့အစည်းအားလုံးပါဝင်မှသာ ပြီးပြည့်စုံအောင်မြင်မည်ဖြစ်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ အားလုံးပါဝင်နိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဝိုင်းဝန်းအဖြေရှာကြရန် လိုအပ်ကြောင်း မိန့်ခွန်းမှာ ထည့်သွင်းပြေားကြားခဲ့သည်။

Related Posts : 

ရက္ခိုင့်တပ်မတော်(AA)ကို ချေမှုန်းရန် ဒေါ်အောင်ဆန်းစုကြည် မှာကြား

သက်ရောက်မှုကြီးမားတဲ့ ဒေါ်အောင်ဆန်းစုကြည် မှာကြားချက်

ဗီဒီယိုများ