မော်လမြိုင်တွင် တက္ကသိုလ်ကျောင်းသူတစ်ဦး နိုင်ငံရေးပုဒ်မဖြင့်ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင်ပါဝင်သည်ဟုဆိုကာ မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသူတစ်ဦးကို နိုင်ငံရေးဥပဒေပုဒ်မဖြင့် ယမန်နေ့(ဖေဖော်ဝါရီ ၁၃ ရက်)က ဖမ်းဆီးသွားကြောင်းသိရသည်။

14 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၁၄

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင်ပါဝင်သည်ဟုဆိုကာ မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသူတစ်ဦးကို နိုင်ငံရေးဥပဒေပုဒ်မဖြင့် ယမန်နေ့(ဖေဖော်ဝါရီ ၁၃ ရက်)က ဖမ်းဆီးသွားကြောင်းသိရသည်။

မော်လမြိုင်မြို့ မုတ္တမဇေတဝန်ရပ်ကွက်တွင်နေထိုင်သည့် တက္ကသိုလ်ကျောင်းသူတစ်ဦးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ရဲတပ်ဖွဲ့မှ နေအိမ်သို့လာရောက်ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသူနှင့် နီးစပ်သူတစ်ဦးမှ DMG ကိုအတည်ပြုပြောသည်။

"ကောင်မလေးက အရင်ဆန္ဒပြပွဲတွေမှာလိုက်ပါဖူးတယ်။ တက္ကသိုလ်ကျောင်းသူတစ်ဦးပါ။ မော်လမြိုင်ကပါ။ အခုကတော့ ဘာအတွက်နဲ့ဖမ်းဆီးတာလဲတော့မသိဘူး။ အရင်ကတော့ PDF တို့ကိုထောက်ခံတယ်ဆိုပြီး လိုက်စုံစမ်းခံရတာတော့ရှိတယ်"ဟု ၎င်းမှပြောသည်။

ထိုကျောင်းသူကိုဖမ်းဆီးခဲ့ပြီးနောက် နေအိမ်အနီးအနားသို့ ရဲတပ်ဖွဲ့မှ လာရောက်စစ်ဆေးမှုများပြုလုပ်သွားခဲ့ကြောင်းလည်း အဆိုပါနီးစပ်သူကပြောသည်။

ယမန်နေ့ ည ၈ နာရီက မော်လမြိုင်မြို့ စမ်းကြီးမီးပွိုင့်အနီး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် လုံခြုံရေးကင်းတဲ အနည်းငယ်ထိခိုက်ရှိခဲ့ကာ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

အမည်မဖော်လိုသည့် မော်လမြိုင်မြို့ခံတစ်ဦးက "ပေါက်ကွဲသံအကျယ်ကြီးပဲ။ စမ်းကြီးမီးပွိုင့်မှာ ဗုံးပေါက်တာလို့သိရတယ်။ အဲ့မှာက လုံခြုံရေးကင်းတဲတစ်ခုရှိနေတာ။ ဘယ်အဖွဲ့ကလာလုပ်သွားတာလဲတော့မသိရပါဘူး"ဟု ၎င်းကဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်မြို့တွင် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် နိုင်ငံရေးပုဒ်မအပါအဝင် အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မများဖြင့် ဖမ်းဆီးအရေးယူခံရသည့် လူငယ်ရာနှင့်ချီရှိနေပြီဖြစ်ကြောင်း သိရသည်။

ဗီဒီယိုများ