ရခိုင်တွင် မြန်မာစစ်တပ်က ကျေးရွာများအတွင်းဝင်ရောက်စစ်ဆေးမှုများကို ခပ်စိတ်စိတ်တွေ့လာရ

ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်က ကျေးရွာများအတွင်းဝင်ရောက်ပြီး စစ်ဆေးမေးမြန်းခြင်းများ ရှိလာသည်ကို ယခုလပိုင်းအတွင်း ခပ်စိတ်စိတ်တွေ့လာနေရသည်။

09 May 2022

ဓါတ်ပုံ - စစ်တွေမြို့တွင်သွားလာနေသည့် စစ်ကားတစ်စီးအား ၂၀၁၉ ခုနှစ်ကတွေ့ရစဉ်။

DMG ၊ မေ ၉

ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်က ကျေးရွာများအတွင်းဝင်ရောက်ပြီး စစ်ဆေးမေးမြန်းခြင်းများ ရှိလာသည်ကို ယခုလပိုင်းအတွင်း ခပ်စိတ်စိတ်တွေ့လာနေရသည်။

ပြီးခဲ့သည့်ဧပြီလနှင့် ယခုမေလအတွင်းတွင် မြန်မာစစ်တပ်က ထိုသို့ကျေးရွာများအတွင်းဝင်ရောက်ကာ အိမ်ထောင်စုစာရင်း စစ်ဆေးခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်းတို့ကို လုပ်ဆောင်လာသည်။

ယခုမေလ ၄ ရက်နေ့က မြန်မာစစ်တပ်မှ စစ်သားအင်အား(၅၀)ခန့်တို့သည် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ပဒေသာရွာဟောင်း၊ ငှက်ကြီးကျွန်း၊ အောင်ဒူလာ စသည့်ကျေးရွာအချို့သို့ဝင်ရောက်ကာ အိမ်ထောင်စုစာရင်းများကို စစ်ဆေးခဲ့ကြောင်း ဒေသခံများကပြောသည်။

အဆိုပါစစ်သားများမှာ ပဒေသာရွာဟောင်းတွင် တစ်ညအိပ်ခဲ့ပြီး နောက်တစ်နေ့တွင် အခြားကျေးရွာများသို့ ဆက်လက်သွားရောက်ကာ ညအချိန်မှ ပြန်ထွက်သွားခဲ့သည်ဟု သိရသည်။

လုံခြုံရေးအရအမည်မဖော်လိုသည့် ငှက်ကြီးကျွန်းကျေးရွာသားတစ်ဦးက “လက်နက်အပြည့်အစုံနဲ့ ဝင်လာရင် ပြည်သူလူထုမှာတော့ ကြောင့်ကြစိုးရိမ်မှုတွေရှိတာပေ့ါ။ ဒီအပြုအမူတွေက မဖြစ်သင့်ဘူး။ သူတို့က ရွာမှာအချက်အလက်စစ်ဆေးမယ်ဆိုရင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အဆက်အသွယ်လုပ်ပြီးတော့ ဘယ်နေ့၊ဘယ်အချိန်မှာ ဝင်လာမယ်ဆိုပြီးပြောသင့်တယ်။ အခုက ဗြုန်းခနဲ အချိန်မတော်ဝင်လာတယ်ဆိုတော့ ပြည်သူလူထုအနေနဲ့ စိုးရိမ်စရာဖြစ်တယ်”ဟု ပြောသည်။

ပြီးခဲ့သည့်ဧပြီလ ၂၆ ရက်နေ့ကလည်း မြန်မာစစ်တပ်မှ အင်အား(၆၀)ခန့်တို့သည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စပါးထားကျေးရွာနှင့် အောင်ဇေယျကျေးရွာများအတွင်း လှည့်လည်သွားလာခြင်းများရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

အလားတူ စစ်တွေမြို့နယ် ကံကော်ကျွန်းကျေးရွာကိုလည်း ယခုမေလ ၇ ရက်နေ့ ညအချိန်တွင် ဧည့်စာရင်းစစ်ဆေးမည်ဟုအကြောင်းပြကာ မြန်မာစစ်တပ်ကနှင့် ဌာနဆိုင်ရာအချို့က တစ်အိမ်တက်ဆင်း ဝင်ရောက်စစ်ဆေးမှုများရှိခဲ့သည်။

မြန်မာစစ်တပ်မှ ထိုသို့စစ်ဆေးမှုများလုပ်ဆောင်လာခြင်းမှာ ရက္ခိုင့်တပ်တော်(AA)၏ အုပ်ချုပ်ရေးပိုင်းများကို ဟန့်တားရန်လုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟု အမျိုးသားလွှတ်တော်အမတ်ဟောင်း ဦးခင်မောင်လတ်က သုံးသပ်သည်။

“အဲဒါက နှစ်ဖက်စစ်ရေးအခြေအနေ ပိုတင်းမာတာတစ်ချက်ရှိမယ်။ နောက် AA က သူတို့သတ်မှတ်ချက်တွေကို တိုးတက်အောင်လုပ်ဆောင်ပြီး အရှိန်တိုးလာတယ်။ အဲဒါတွေကို ဟန့်တားဖို့ကြိုးစားတာဖြစ်နိုင်တယ်”ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ ဝင်ရောက်စစ်ဆေးမှုများနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့နယ် လွှတ်တော်အမတ်ဟောင်း ဦးဖိုးစံက “သူတို့ကတော့ လုံခြုံရေးအရဆိုပြီးပြောတယ်။ ဒါပေမယ့် ပြည်သူတွေမှာ ဘာပဲပြောပြော စစ်သားတွေက လက်နက်အင်အားနဲ့လာတော့ တစ်စုံတစ်ရာပြဿနာဖြစ်မှာကို ရွာသားတွေကစိုးရိမ်ကြတယ်။ ဟိုအဖွဲ့ဒီအဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး မတရားဖမ်းဆီးခံရမှာကို ရွာသားတွေကစိုးရိမ်ကြတယ်”ဟု ပြောသည်။

ရမ်းဗြဲ၊ ကျောက်ဖြူမြို့နယ်တို့တွင် စစ်ကောင်စီမှ ULA ၏တရားစီရင်ရေး၊ အုပ်ချုပ်ရေးပိုင်းတို့ကို နှောင့်ယှက်မှု ပြုလုပ်ခြင်း၊ နေရာဒေသအချို့တွင် လက်နက်အင်အား၊ ရိက္ခာဖြည့်တင်းခြင်းတို့ ဆက်တိုက်လုပ်ဆောင်လာ သည်ကို တွေ့မြင်နေရသည့်အတွက် နှစ်ဖက်ယုံကြည်မှုပျက်ပျားလျှင် စစ်ရေးအရဖြေရှင်းလာရနိုင်သည်ဟု AA မှ ဧပြီလ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ယခုမေလ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင်လည်း တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာသို့ မြန်မာစစ်တပ်က ဝင်ရောက်လာပြီး ULA ကျေးရွာတာဝန်ခံများကို ရှာဖွေခြင်းများရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

မြန်မာစစ်တပ်ဘက်မှ စစ်ဆေးမှုများကို ယခုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ပါက မြန်မာစစ်တပ်နှင့် AA တို့ကြား တိုက်ပွဲပြန်လည်ဖြစ်ပွားလာနိုင်သည်ဟု အမျိုးသားလွှတ်တော်အမတ်ဟောင်း ဦးခင်မောင်လတ်ကဆိုသည်။

“သာမန်စစ်ဆေးတာက သူတို့ရဲ့လုပ်ရိုးလုပ်စဉ်ဖြစ်တယ်။ ဒီထက်မကတိုးချဲ့ပြီး တင်းကျပ်တာတွေဖြစ်လာမယ် ဆိုရင် ပြည်သူလူထုအတွက်လည်း အကြောက်တရားတွေများလာမယ်ဆိုရင် နှစ်ဖက်တင်းမာမှု ပိုကြီးထွားလာနိုင်တယ်။ ဆိုတော့ စစ်မက်ဖြစ်ပွားလာမယ်”ဟု ၎င်းကပြောသည်။

မြန်မာစစ်တပ်မှ ကျေးရွာများအတွင်းဝင်/ထွက်သွားလာလှုပ်ရှားနေခြင်း၊ စစ်ဆေးရေးဂိတ်များတွင် တင်းကျပ်စွာ စစ်ဆေးလာခြင်းတို့နှင့်ပတ်သက်ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

ရခိုင်တွင် တိုက်ပွဲရပ်တန့်ခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှစတင်ကာ မြန်မာစစ်တပ်မှ ကျေးရွာများအတွင်း ဝင်ရောက်စစ်ဆေးမှုများရပ်တန့်နေခဲ့သော်လည်း ယခုလပိုင်းအတွင်း ကျေးရွာများသို့ ဝင်ရောက်စစ်ဆေးမှုများကို ခပ်စိတ်စိတ်တွေ့လာရသည်။

ဗီဒီယိုများ