ပေါက်တောမြို့နယ်တွင် စစ်ရေးပဋိပက္ခဖြစ်မည်ကို မလိုလားကြောင်း ဒေသခံများပြော

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း လက်နက်ကြီးပစ်ခတ်သံများကြောင့် နေရပ်စွန့်ခွာထွက်ပြေးမှုများ ရှိနေကြောင်း ဒေသခံများက DMG သို့ ပြောကြားသည်။

02 Nov 2020

ဉာဏ်ဟိန်း | DMG
နိုဝင်ဘာ ၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း လက်နက်ကြီးပစ်ခတ်သံများကြောင့် နေရပ်စွန့်ခွာထွက်ပြေးမှုများ ရှိနေကြောင်း ဒေသခံများက DMG သို့ ပြောကြားသည်။

“မနေ့ကအထိတော့ လက်နက်ကြီးပစ်သံတွေ ကြားရတယ်။ ကျနော်တို့အနေနဲ့တော့ ဒေသအတွင်းမှာ ပဋိပက္ခဖြစ်မှာ မလိုလားဘူး။ အခုလို ကိုဗစ်ကာလမှာ ဒေသခံတွေ စားဝတ်နေရေး အဆင်မပြေဖြစ်နေတဲ့အချိန်မှာ စစ်ပွဲပဋိပက္ခဖြစ်မှာ မလိုလားဘူး” ဟု အရပ်ဖက်လူမှုကူညီရေးအဖွဲ့ဖြစ်သည့် ပေါက်တောလူထုစင်တာမှ အမှုဆောင်ကော်မတီဝင် ကိုအောင်ခိုင်က ပြောသည်။

အောက်တိုဘာ ၂၉ ရက်က မင်းပြားမြို့နယ်ဘက်မှ စစ်တွေဘက်သို့ပြန်လာသည့် တပ်မတော်ရေယာဉ်နှစ်စီးသည် ပေါက်တောမြို့အလွန် ကျော်ရှင်ကျေးရွာနှင့် ၄ မိုင်ခန့်ကွာဝေးသည့် ပေါက်တောမြစ်ကြောင်းမှ လက်နက်ကြီးများပစ်ခတ်မှုရှိခဲ့ကြောင်း ကျော်ရှင်ကျေးရွာမှ ကိုကျော်သက်ခန့်က ပြောသည်။

“ပစ်ခတ်သံတွေကတော့ ဒီနေ့အထိကြားနေရသေးတယ်။ ဒဏ်ရာရတဲ့သူတွေကတော့ ရွာကိုပြန်ရောက်နေကြပါပြီ။ နောက်အဲဒီလိုဖြစ်မှာကို ဒေသခံတွေစိုးရိမ်နေကြပါတယ်။ အခုတော့ အိမ်တွေမှာ ပုန်းခိုမယ့်ကျင်းတွေ တူးထားကြတယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ လက်နက်ကြီးပစ်ခတ်မှုများ ရှိသောကြောင့် ပေါက်တောမြို့ပေါ်သို့ ထွက်ပြေးနေကြသည့် ရွာသားများလည်းရှိကြောင်း ကျော်ရှင်ကျေးရွာမှ ဒေါ်ခင်မေကပြောသည်။

“အဲဒီနေ့က လက်နက်ကြီးကျလို့ကြောက်ပြီးတော့ ထွက်ပြေးသွားကြတဲ့သူတွေလည်းရှိတယ်။ ပစ်သံတွေကြားရတော့ ကျမတို့က စိုးရိမ်တယ်။ ပစ်တာကတော့ မင်းပြားဖက်က ပစ်တာပါ။ တချို့ထွက်ပြေးသွားကြတဲ့ သူတွေဆိုရင် ကြောက်လို့ ပြန်မရောက်ကြသေးဘူး” ဟု ၎င်းကရှင်းပြသည်။

အောက်တိုဘာ ၂၉ ရက်က ပေါက်တောမြစ်ကြောင်းမှ လက်နက်ကြီးများပစ်ခတ်မှုကြောင့် ကျော်ရှင်ကျေးရွာမှ ဒေသခံ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တချို့ပျက်ဆီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ပေါက်တောမြို့တွင် ဈေးဆိုင်များပိတ်ထားခဲ့ရကြောင်း ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ဆိုသည်။

စစ်ဘေးဒုက္ခသည်များစာရင်းကို ကောက်ယူနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ နိုဝင်ဘာလ ၂ ရက်နေ့အထိစာရင်းအရ ပေါက်တောမြို့နယ်ရှိ ကန်ချောင်း၊ ကံဆိပ်၊ နဂွေ၊ ဆားပြင်၊ နဘွေ၊ ကျော်ရှင် စသည့်ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စစ်ဘေးဒုက္ခသည် ၂၃၂၃ ဦးရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည်ဦးရေမှာ နှစ်သိန်းသုံးသောင်းလေးထောင်ကျော် အထိရှိလာနေကြောင်းလည်း REC က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ