ရခိုင်ဒေသတွင် မိုးရွာသွန်းမှုရှိလာသောကြောင့် စစ်ဘေးရှောင်များနေထိုင်ရေးအတွက် စိုးရိမ်မှုရှိလာ

ရခိုင်ပြည်နယ်တွင် မိုးရွာသွန်းမှုများရှိလာပြီး ယခုရက်ပိုင်းအတွင်းတွင်လည်း ရွာသွန်းနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသောကြောင့် စစ်ဘေးရှောင်များနေထိုင်ရေးအတွက် စိုးရိမ်မှုများရှိသည်ဟု စခန်းတာဝန်ခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောကြသည်။

By ခင်သရဖီဦး 25 Apr 2020

စစ်ဘေးရှောင်များသည် ခိုင်ခံ့မှုမရှိသော တဲအိမ်များတွင် နေထိုင်နေရခြင်းဖြစ်သည့်အတွက် မိုးအနည်းငယ်ရွာသွန်းလျှင်ပင် နေထိုင်ရေးအခက်အခဲရှိလာမည် ဖြစ်သည်။

ခင်သရဖီဦး | DMG
ဧပြီ ၂၅၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် မိုးရွာသွန်းမှုများရှိလာပြီး ယခုရက်ပိုင်းအတွင်းတွင်လည်း ရွာသွန်းနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသောကြောင့် စစ်ဘေးရှောင်များနေထိုင်ရေးအတွက် စိုးရိမ်မှုများရှိသည်ဟု စခန်းတာဝန်ခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောကြသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်တစ်ချို့တွင် ဧပြီလ ၂၄ ရက်နေ့၊ နံနက် (၃)နာရီကျော်ခန့်က စတင်ကာ မိုးရွာသွန်းမှုရှိခဲ့သည်။ အလားတူ ယခုရက်ပိုင်းတွင် ရခိုင်ပြည်နယ်တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်ဟုလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဧပြီလ ၂၄ ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် စစ်ဘေးရှောင် တစ်သိန်းငါးသောင်းကျော် အထိရှိလာသည်။ စစ်ဘေးရှောင်စခန်းအများစုသည် တာလပတ်ချာများဖြင့်မိုးထားသည့် တဲအိမ်များဖြစ်ကြသောကြောင့် မိုးရွာများမှုများရှိလာလျှင် နေထိုင်ရေးအခက်အခဲဖြစ်နိုင်သည်ဟု ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်း တာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောသည်။

“အခုကတော့ မိုးအနည်းငယ်ရွာသွားတာဆိုတော့ သိပ်ပြီး အခက်ခဲမဖြစ်သေးဘူးပေါ့။ ကျနော်တို့စခန်းမှာက လူများတော့ မိုးရွာသွန်းမှုများလာရင် နေရာထိုင်ခင်းက အလုံအလောက်မရှိတော့ နေထိုင်ရေးအတွက် ဒုက္ခရောက်နိုင်ပါတယ်” ဟု ၎င်းကပြောသည်။

စစ်ဘေးရှောင်များသည် မိုးရွာသွန်းလျှင် နေထိုင်ရေးအခက်အခဲရှိမည်အပြင် ချက်ပြုတ်စားသောက်ရေးပါ အအခက်အခဲရှိမည်ဟု ကျောက်တော်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

“ တစ်ချို့စခန်းတွေမှာကျတော့ ရွာပြင်ကနေရာတွေမှာ နေရာချပြီး နေကြရတယ်။ အဲဒီလို စခန်းတွေမှာ မိုးက များများစားစား ရွာစရာမလိုဘူး။ သာမန်လောက်ရွာသွန်းတာနဲ့ကို စားရေးသောက်ရေးအတွက် ထမင်းချက်စားလို့ မရတော့ဘူး” ဟု ၎င်းကပြောသည်။

ထို့ပြင် မိုးရာသီတွင် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်မည်ဖြစ်သောကြောင့် ကျောင်းများတွင်ခိုလှုံနေသည့် စစ်ဘေးရှောင်များမှာ နေထိုင်စားသောက်ရေး အခက်အခဲဖြစ်လာမည်ဟု ဦးဦးထွန်းဝင်းက ဆိုသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအစောပိုင်းကပင် တိုက်ပွဲစတင် ဖြစ်ပွားနေကြခြင်းဖြစ်သည်။ ယင်းအချိန်ကပင် ဒေသခံများမှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြခြင်း ဖြစ်သည်။ လက်ရှိတွင် ၎င်းတို့ခိုလှုံနေသည့် စစ်ဘေးရှောင်စခန်းအချို့မှာ ဟောင်းနွမ်းပျက်စီးနေပြီဖြစ်သဖြင့် ပြန်လည်ဆောက်လုပ်ရန်လိုအပ်သည်ဟု စစ်ဘေးရှောင်များက ဆိုကြသည်။

“အခုက ထောက်ပံ့မယ်ဆိုတာ ထားလိုက်တော့။ ကျနော်တို့ကို အကူညီလာပေးတဲ့လူတွေကိုတောင် ဖမ်းဆီးစစ်ဆေးတာတွေ လုပ်တယ်ဆိုတော့ အလှူပေးတဲ့လူတွေအတွက် တကယ်အခက်ခဲဖြစ်သွားတာတွေ ရှိပါတယ်။ ပြောချင်တာကတော့ အစိုးရအနေနဲ့ ကိုယ်တိုင်ဖြေရှင်းမပေးနိုင်သည့်တိုင်အောင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တခြားအဖွဲ့အစည်းတွေကို လွှတ်လွတ်လပ်လပ်သွားလာခွင့်ပေးဖို့နဲ့ အထောက်အကူပေးဖို့ကို တောင်းဆိုချင်ပါတယ်” ဟု ညောင်ချောင်းစခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ဒေသခံများမှာလည်း ဘေးလွတ်ရာနေရာများသို့ ထပ်မံထွက်ပြေးတိမ်းရှောင်နေရသည်။

ဗီဒီယိုများ