ပုဏ္ဏားကျွန်းတွင် ဒေသခံ ငါးဦးခန့် ဖမ်းဆီးခံထားရ၊ မြို့တွင်းတွင် စစ်ဆေးရေးတင်းကျပ်နေ၍ နေအိမ်မှ အပြင်ကို မထွက်ရဲကြ

ပုဏ္ဏားကျွန်းမြို့တွင် မြန်မာစစ်တပ်က ယခုရက်ပိုင်းအတွင်း ဒေသခံငါးဦးခန့်ကို ဖမ်းဆီးထားပြီး လက်ရှိတွင်လည်း လမ်းသွား၊ လမ်းလာ ပြည်သူများကို တင်းကျပ်စွာစစ်ဆေးမှုများပြုလုပ်နေကြောင်း မြို့ခံများက ပြောကြသည်။

18 Jun 2022

DMG ၊ ဇွန် ၁၈

ပုဏ္ဏားကျွန်းမြို့တွင် မြန်မာစစ်တပ်က ယခုရက်ပိုင်းအတွင်း ဒေသခံငါးဦးခန့်ကို ဖမ်းဆီးထားပြီး လက်ရှိတွင်လည်း လမ်းသွား၊ လမ်းလာ ပြည်သူများကို တင်းကျပ်စွာစစ်ဆေးမှုများပြုလုပ်နေကြောင်း မြို့ခံများက ပြောကြသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တစ်ဦးကို AA က ဖမ်းဆီးသွား ပြီးနောက်တွင် စစ်တပ် က  ထိုသို့ တင်းတင်းကျပ်ကျပ်ကိုင်တွယ်နေခြင်းသည်။ မြန်မာစစ်တပ်သည် ဇွန်လ ၁၆ ရက်နေ့က စံပြရပ်ကွက်မှ အသက် ၃၀ အရွယ် ဦးဘလှိုင်၊မြို့သစ်ရပ်ကွက်မှ အသက် ၆၁ နှစ်အရွယ် ဦးကျော်မင်း၊အသက် ၃၀ ကျော် အရွယ် ဦးဝင်းမောင်သန်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထို့ပြင် ဇွန်လ ၁၇ ရက်နေ့၊ ညနေပိုင်းတွင်လည်း စံပြရပ်ကွက်မှ  အသက်  ၂၇ နှစ်အရွယ် ကိုမျိုးသွင်နှင့် အသက် ၅၀ အရွယ် ပရဟိတဟုခေါ်သည့် ဒေသခံတစ်ဦး ထပ်မံဖမ်းဆီးခံရသည်ဟု DMG ၏ သတင်းရင်းမြစ်များက ပြောသည်။

ဖမ်းဆီးခံရသူ ဦးကျော်မင်း၏ မိသားစုဝင်တစ်ဦးက “စစ်သားတွေ ဘယ်နှစ်ယောက်ပါလဲ ဆိုတာတော့ အတိအကျမသိလိုက်ပါဘူး။ လက်ထိပ်မခတ်ဘဲ ဒီအတိုင်း စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်သွားတာ။  အမြန်ဆုံးပြန်လွှတ်စေချင်တယ်“ဟု သူ ကပြောသည်။

ယနေ့ (ဇွန်လ ၁၈ ရက်နေ့) တွင်လည်း မြန်မာစစ်တပ်တပ်ဖွဲ့ဝင်များသည် လက်နက်ကိုယ်စီဖြင့်  မြို့တွင်းတွင် လှည့်လည်သွားလာနေကြပြီး ဒေသခံများကို ခေါ်ယူစစ်ဆေးမှုများရှိနေသည်ဟုသိရသည်။ မြို့သစ်ရပ်ကွက်၊ ဈေးအနီးရှိ အေးစေတီပတ်ဝန်းကျင်တွင် သွားလာနေကြသည့် ဘေးတွဲဆိုင်ကယ်သမားများနှင့်ဈေးဝယ်သူ ၁၀ ဦးခန့်ကို စစ်တပ်က စစ်ဆေးရန်ခေါ်ထားသည်ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

 “ အဖမ်းခံရတာတော့ ၁၀ယောက်ထက် ပိုနိုင်ပါတယ်။ သူတို့ ဖမ်းထားတဲ့ လူတွေကို ကျနော် တို့ မြင်ခဲ့ ရတာကတော့ တစ်ယောက် နှစ်ယောက်တော့  လက်ပြန်ကြိုးတုတ်ထားပါတယ်။ ကျန်တဲ့သူတွေ ကျရင် ခေါင်းပေါ်လက်တင်ပြီးရပ်ခိုင်းထားတာရှိပါတယ်။ ဖမ်းထားတာကတော့ ဈေးဝယ်လာတဲ့ သူတွေ၊ ဘေးတွဲ သမားတွေ လည်းပါတယ်” ဟု သူကပြောသည်။

မွန်းလွဲ ၁၁ နာရီခွဲအချိန်ခန့်တွင် အေးစေတီတွင် ထိန်းသိမ်းခံထားရသူများကို မမြင်တွေ့ရတော့ကြောင်းနှင့် ပြန် လွှတ်၊မလွှတ်ကိုမူ သေသေချာချာမသိရသေးဟု အထက်ပါ မျက်မြင်ဒေသခံက ဆက်လက်ပြောသည်။

ထို့ပြင် စံပြရပ်ကွက်၊ဝရစ်မြီ လက်ဖက်ရည်ဆိုင်သို့လည်း အင်အား ၄၀ ခန့်ရှိသည့် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များ ဝင်ရောက်ကာ မုန့်စားသူများအနက် မှတ်ပုံတင်ပါမလာကြသည့် ဒေသခံများကို မိနစ်အနည်းငယ်ခန့် စစ်ဆေး မေးမြန်းမှုများပြုလုပ်ခဲ့ပြီး ပြန်လွှတ်ပေးခဲ့သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အခြားဒေသခံတစ်ဦး က ပြောသည်။

“အခု တစ်မြို့လုံးတိတ်ဆိတ်နေတယ်။ အိမ်တံခါးတွေ ပိတ်ပြီး အသံတောင်မထွက်ရဲကြဘူး။မုန့်ဆိုင်နဲ့ ဈေး ဆိုင်ခန်းတွေခဏပဲဖွင့်လိုက်ရတယ်။စစ်သားတွေ ဝင်လာတာနဲ့ရုန်းရင်းဆန်ခတ်ဖြစ်ပြီး တံခါးတွေ ပိတ်၊ ဆိုင်ခန်းတွေ ပိတ်ကြတယ်။ မပိတ်ရသေးသူတွေကိုကျတော့ အထဲ ဝင်ပြီး မှတ်ပုံတင်တွေ စစ်တယ်။ မပါရင်မသွားရတော့ဘူး။ မိန်ကလေးတွေကျ လွှတ်လိုက်တယ် လို့တော့ပြောတယ်” ဟု ၎င်းက ဆိုသည်။

ပုဏ္ဏားကျွန်းတွင်လည်း ယမန်နေ့ကလည်း လမ်များတွင် လူသွားလူလာမရှိဘဲ တိတ်ဆိတ်နေကာ ကျောင်းသား၊ ကျောင်းသူများမှာလည်း ကျောင်းမတက်ရဲခဲ့ကြပေ။လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့မဈေးကိုလည်း ပိတ်ထားသည် ဟု သိရသည်။

ဗီဒီယိုများ