ကိုဗစ်ကြောင့် မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု ၂၇ ရာခိုင်နှုန်းထိ တိုးမြင့်လာနိုင်ကြောင်း ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်

မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါကြောင့် ဆင်းရဲနွမ်းပါးမှုနှုန်းမှာ ၂၀၁၈-၁၉ နှစ်တွင် ၂၂ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉-၂၀ ခုနှစ်တွင် ၂၇ ရာခိုင်နှုန်းအထိ တိုးမြင့်လာနိုင်ကြောင်း ဒီဇင်ဘာ ၁၆ ရက်နေ့၌ ကမ္ဘာ့ဘဏ်( World Bank) က ထုတ်ပြန်လိုက်သည်။

By ဉာဏ်ဟိန်း 16 Dec 2020

ဉာဏ်ဟိန်း | DMG
ဒီဇင်ဘာ ၁၇ ၊ စစ်တွေ

မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါကြောင့် ဆင်းရဲနွမ်းပါးမှုနှုန်းမှာ ၂၀၁၈-၁၉ နှစ်တွင် ၂၂ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉-၂၀ ခုနှစ်တွင် ၂၇ ရာခိုင်နှုန်းအထိ တိုးမြင့်လာနိုင်ကြောင်း ဒီဇင်ဘာ ၁၆ ရက်နေ့၌ ကမ္ဘာ့ဘဏ်( World Bank) က ထုတ်ပြန်လိုက်သည်။

မြန်မာ့စီးပွားရေးသည် ကိုဗစ်ကမ္ဘာ့ကပ်ရောဂါကြောင့် ထိခိုက်မှုများကို ရင်ဆိုင်နေရပြီး ယခင်နှစ်က စီးပွားရေးတိုးတက်မှု ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှာ ၁ ဒသမ ၇ ရာခိုင်နှုန်းထိ ကျဆင်းသွားကြောင်း ခန့်မှန်းရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“အစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း တဖြေးဖြေးနဲ့ ပြန်လည်စတင်နိုင်ဖို့အတွက်ကို လုပ်ဆောင်ပေးရမယ်ပေါ့။ ဆိုတော့ အဲဒါတွေကို လုပ်ဆောင်ပြီးတော့မှ အလယ်အလတ်ကာလနဲ့ ရေရှည်ကာလအတွက်ကို မဟာဗျုဟာတွေချပြီးတော့မှ ဆောင်ရွက်သင့်တယ်။ ဝယ်လိုအားတွေ ကောင်းလာအောင် အစိုးရအနေနဲ့ အာရုံစိုက်လုပ်ဆောင်သင့်တယ်” ဟု ကမ္ဘာ့ဘဏ်မြန်မာရုံးမှ ပြောရေဆိုခွင့်ရှိသူ ကိုကျော်စိုးလင်းက DMG သို့ ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်မှု ပထမလှိုင်းအတွင်းက များစွာသော ဆင်းရဲသည့်အိမ်ထောင်စုများမှာ ထိခိုက်မှုသက်သာစေရန်အလို့ငှာ နေစဉ်စားသုံးသည့် အစားအစာပမာဏကို လျှော့ချခြင်းအပါအဝင် အသက်အန္တရာယ်များ၍ ယာယီသုံး နည်းလမ်းများအသုံးပြုကာ ဖြစ်သလိုဖြေရှင်းနေသည်ကို တွေ့ခဲ့ရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

“သြဂုတ်လနှောင်းပိုင်း ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားကတည်းက အိမ်ထောင်စုတွေမှာ ချေးယူထားတဲ့ အကြွေးတွေကို ပြန်ဆပ်ဖို့အတွက် အခက်ခဲတွေ တွေ့နေတယ်။ ဒုတိယလှိုင်းမှာ ရောဂါကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့ ကန့်သတ်ချက်တွေကို လုပ်ဆောင်နေတဲ့အတွက် အိမ်ထောင်စုတွေမှာ ဆင်းရဲမွဲတေတဲ့ အခြေနေကို ရောက်ရှိစေတယ်” ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘော့ဒီယားနှင့် လာအို ပြည်သူ့ဒီမိုကရေတစ် သမ္မတနိုင်ငံတော်ဆိုင်ရာ ဌာနေကိုယ်စားလှယ် မာရီယာမ်ရှာမန်က “ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးကို အထောက်ကူပြုဖို့နဲ့ ဆင်းရဲမွဲတေမှုတွေ မြင့်တက်လာခြင်းကို လျှော့ချဖို့ ကိုဗစ်-၁၉ အား တုံ့ပြန့်မှုဆိုင်ရာ စီမံချက်တွေကို မြန်မြန်ဆန်ဆန် အကောင်ထည်ဖော်သင့်တယ်။ ကာလတို့မှာ အစိုးရက ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို လျှော့ချရေး၊ ဆင်းရဲသူများနဲ့ အားနည်တဲ့အုပ်စုတွေ သက်သာချောင်ချိစေရေးနဲ့ အစားအစာ လုံလောက်စွာရရှိရေး၊ စီးပွားရေးလုပ်ငန်းဆောင်တာတွေကို ပံ့ပိုးမှုပေးနိုင်ရေးတွေကို အလေးနက်ထား လုပ်ဆောင်သင့်ပါတယ်။ ရေရှည်မှာ ပြည်သူ့အခြေခံအဆောက်အအုံတွေနဲ့ ဒီဂျစ်တယ် နည်းပညာတွေမှာ ရင်နှီးမြှုုပ်နှံခြင်းဖြင့် ပြည်တွင်းဝယ်လိုအားနဲ့အလုပ်တွေ တိုးပွားလာနိုင်စေသလို စီးပွားရေးကုန်ထုတ်လုပ်အားကိုလည်း တိုးမြင့်လာစေနိုင်တယ်”ဟု ရှင်းပြသည်။

ရန်ကုန်တွင် စစ်တမ်းကောက်ယူခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များ၏ ထက်ဝက်ခန့်က အောက်တိုဘာလတွင် လုပ်ငန်းများ ရပ်နားခဲ့ကြောင်းနှင့် ဖြေဆိုသူများ၏ ၂၅ ရာခိုင်နှုန်းက လာမည့်သုံးလအတွင်း လုပ်ငန်းများကို ပြန်လည် ဖွင့်လှစ်နိုင်ဦးမည်မဟုတ်သေး၍ စိုးရိမ်နေကြကြောင်း ထုတ်ပြန်ချက်မှာ ဆိုထားသည်။

“အဓိကတော့ ကိုဗစ်ကြောင့် စီးပွားရေးအပိုင်းမှာ ကုန်စည်စီးဆင်းမှုတွေ နှောင့်နှေးမှုတွေရှိတယ်။ ကုန်စည်စီး ဆင်းမှုအပိုင်းတွေကို အစိုးရအနေနဲ့ ဂရုတစိုက်လုပ်ပေးဖို့လိုတယ်။ အဲဒီလိုမျိုးဆောင်ရွက်မပေးဘူးဆိုရင် စီးပွားရေးအခြေနေက ပိုပြီးတော့ ကျဆင်းသွားနိုင်တယ်။ အခြေခံလူတန်းစားတွေက အလုပ်ကိုင်တွေ ရှားပါလာတဲ့အတွက် ဆင်းရဲမွဲတေမှုအပိုင်းတွေကလည်း ပိုပြီးတော့ တိုးလာနိုင်တယ်” ဟု ရခိုင်စီးပွားရေးဦးဆောင်အများနှင့်သက်ဆိုင်သောကုမ္ပဏီ (REIC) ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်ကြီးက သုံးသပ်သည်။

ပြည်တွင်းပြည်ပ နိုင်ငံတကာတွင် ကပ်ရောဂါကူးစက်ပြန့်ပွားမှုအခြေနေမှာ သေချာရေရာမှုမရှိသောကြောင့် ထိခိုက်နိုင်ခြေ အန္တရာယ်မြင့်မားနေဆဲဖြစ်ပြီး ကာကွယ်ဆေး (သို့မဟုတ်) ကုသဆေး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးနိုင်မှုများ မရှိသောကြောင့် ကပ်ရောဂါကူးစက်မှုလှိုင်းသစ်များ ဖြစ်ပေါ်လာပါက ပိုမိုတင်ကျပ်သော ကန့်သတ်ထိန်းချုပ်မှုများ ကာလကြာရှည်လုပ်ဆောင်ရဖွယ်ရှိသဖြင့် လုပ်ငန်းများ နှောင့်နှေးခြင်း၊ အလုပ်အကိုင် တိုးပွားမှုကို အကန့်အသတ်ဖြစ်စေခြင်းနှင့် စုဆောင်းမှုအပြင် ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုများ လက်လှမ်း မီနိုင်ရေးတို့ကို အတားအဆီးဖြစ်နိုင်ကြောင်း ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည်။

ဗီဒီယိုများ