စစ်ကောင်စီ တပ်ဖွဲ့ဝင်များထောင်ထားသည့် မိုင်းကြောင့် ရခိုင်က ဒေသခံပြည်သူများ မိုင်းအန္တရာယ်ကြုံတွေ့နေရခြင်းဟု AA ဆို

လက်ရှိရခိုင်မှာ မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ ကိုယ်လက်အင်္ဂါနှင့် အသက်အန္တရာယ် ဆုံးရှုံးမှုများကို အများပြားတွေ့လာရပြီး အဆိုပါ ကြုံတွေလာရသည့် အခြေအနေမှာ မြန်မာစစ်တပ်၏ထောင်ထားသည့် မြေမိုင်းများကြောင့်ဖြစ်သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA ) က ပြောဆိုလိုက်သည်။

11 Jul 2022

ဇူလိုင်လ ၈ ရက်နေ့က မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်(ဘလောင်တော)ကျေးရွာမှ မိုင်းထိလူနာအား တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၁၁

လက်ရှိရခိုင်မှာ မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ ကိုယ်လက်အင်္ဂါနှင့် အသက်အန္တရာယ် ဆုံးရှုံးမှုများကို အများပြားတွေ့လာရပြီး အဆိုပါ ကြုံတွေလာရသည့် အခြေအနေမှာ မြန်မာစစ်တပ်၏ထောင်ထားသည့် မြေမိုင်းများကြောင့်ဖြစ်သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA ) က ပြောဆိုလိုက်သည်။

မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်များ ရပ်နားခဲ့သည့်နေရာ၊ တပ်ရင်းဗျူဟာဌာနချုပ် စသည့် မြန်မာစစ်တပ်လုံခြုံရေးယူထားသည့် အနီးပတ်ဝန်းကျင်တွင် လုံခြုံရေးအကြောင်းပြပြီး လူနှင့်တိရစ္ဆာန်တို့ကို အသက်အန္တရာယ်ထိခိုက်စေသည့် မြေမြုပ်မိုင်းများကို ထောင်ထားလေ့ရှိသည့်အတွက် ယင်းအနီးပတ်ဝန်းကျင်တွင် မကြာခဏ မိုင်းပေါက်ကွဲပြီး ပြည်သူများ အသက်အန္တရာယ်ထိခိုက်နေကြခြင်း ဖြစ်သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA )မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက DMG ကို ပြောသည်။

“ဗမာစစ်တပ်မှာ အဓိက တာဝန်ရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့သွားတဲ့နေရာ၊ သူတို့ရပ်တဲ့ နေရာတိုင်းမှာ တပ်ရင်းဗျူဟာဌာနချုပ်တို့အနားမှာ သူတို့လုံခြုံရေးချထားပြီး မြေမြုပ်မိုင်းတွေကို စည်းမဲ့ ကမ်းမဲ့ထောင်ထားလို့ရှိရင် လုံးဝ ပြန်ဖော်လိုက်တာမရှိဘူး။ ဆိုတော့ အဲဒီမိုင်းတွေဟာ သူတို့ပြန်သွားတာနဲ့ တပြိုင်နက်စွန့်လွှတ်မိုင်းတွေဖြစ်သွားတယ်။ ဒါကြောင့် မြန်မာစစ်တပ်ဘက်က စခန်းချထားခဲ့တဲ့ နေရာတိုင်းမှာ မကြာမကြာမိုင်းပေါက်ကွဲမှုတွေဖြစ်တယ်၊ ထိခိုက်ဒဏ်ရာရရှိမှုတွေ ဖြစ်ကြတယ်။ အဲဒီစွန့်လွှတ်မိုင်းတွေဟာ ပြည်သူတွေကို တောက်လျှောက် ဒုက္ခပေးနေတယ် ။ မြန်မာစစ်တပ်ဘက်က စည်းမဲ့ကမ်းမဲ့ မြေမြုပ်မိုင်းကို ထောင်ထားတဲ့အတွက် ပြည်သူတွေဟာ မိုင်းထိကြတယ်။ ဒါဟာ မြန်မာစစ်တပ်ရဲ့ လက်ချက်ကြောင့် ဖြစ်တယ်။ မြန်မာစစ်တပ်အနေနဲ့ သူတို့လုပ်ရပ်ကို သူတို့တာဝန်ယူရမယ်။ ဒါပေမဲ့ မြန်မာစစ်တပ်ဟာ သူတို့လုပ်တဲ့ လုပ်ငန်းစဉ်တွေကို သူတို့တာဝန်ယူတာ တခုမရှိဘူး” ဟု ဦးခိုင်သုခက ဆိုသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ဘက်မှ မြန်မာစစ်တပ်ကို ခုခံလျင်သုံးသည့် မြေမြုပ်မိုင်းမှာ ပြည်သူလူထုကို အန္တရာယ်ဖြစ်စေသည့် မိုင်းအမျိုးအစားမဟုတ်ဘဲ နည်းပညာစနစ်ဖြင့် ထိန်းချုပ်ထားသည့် မိုင်းအမျိုးအစားကိုသာ အသုံးပြုလေ့ရှိကြောင်း ၎င်းက ပြောဆိုထားသည်။

“ကျနော်တို့ဘက် မြေမြုပ်မိုင်းသုံးရင်လည်း ပြည်သူလူထုကိုအန္တရာယ်ဖြစ်စေတဲ့ မိုင်းကို မသုံးဘူး။ ကျနော်တို့က မြန်မာစစ်တပ်ကို မိုင်းနဲ့တိုက်ခိုက်တယ်ဆိုရင်တောင်မှ နည်းပညာစနစ်နဲ့ ထိန်းချုပ်ထားတဲ့ မိုင်းအမျိုးအစားနဲ့ တိုက်ခိုက်တာဖြစ်တယ်။ မြန်မာစစ်တပ်ထောင်သလိုမျိုး စည်းမဲ့ကမ်းမဲ့ အန္တရာယ်ဖြစ်စေတဲ့ မိုင်းကို ကျနော်တို့မထောင်ဘူး။ အဲတာကြောင့် ကျနော်တို့ထောင်တဲ့ မိုင်းတွေဟာ ပြည်သူလူထုကို အန္တရာယ်ဖြစ်စေတဲ့ မိုင်း မရှိဘူး ” ဟုဆိုသည်။

ရခိုင်မှာ အခုနှစ် ဇွန်၊ ဇူလိုင်လအတွင်း မိုင်းပေါက်ကွဲမှုကြောင့် ကလေးသူငယ်များအပါအဝင် လယ်ယာလုပ်ကိုင်သူများမှာ အသက်အန္တရာယ် ထိခိုက်သည့်ဖြစ်စဉ်များ မကြာခဏဆိုသလို တွေ့လာနေရသည်။

အမ်းမြို့နယ် ကဇုကိုင်းကျေးရွာမှ (၈)တန်းအရွယ် ကျောင်းသားတစ်ဦးသည်လည်း မြန်မာစစ်တပ်မှ လုံခြုံရေးယူထားသည့် တောင်အနီးတွင် မျှစ်သွားချိုးစဉ် မိုင်းနှင်းမိပေါက်ကွဲကာ ဇူလိုင် ၉ ရက်နေ့က သေဆုံးသွားခဲ့သည်။

အလားတူ ဇူလိုင် ၈ ရက်နေ့ကလည်း မြောက်ဦးမြို့ပေါင်းတုတ်ကျေးရွာမှ မွတ်ဆလင်ကလေးငယ်နှစ်ဦး မြန်မာစစ်တပ်၏ ခမရ (၃၇၈) တပ်ရင်းအနီး နွားကျောင်းနေစဉ် မိုင်းပေါက်ကွဲပြီး ပြင်းထန် ဒဏ်ရာရရှိသွားခဲ့သည်။

ယင်းပြင် ဇူလိုင် ၄ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် မျာလီကန်ကျေးရွာမှ ဒေသခံတစ်ဦးမှာ မိုင်းနှင်းမိ၍ အသက်သေဆုံးခဲ့ရပြီး ဇူလိုင် ၁ ရက်နေ့ကလည်း ယင်းမြို့နယ် ဝက်မိုင်းကျေးရွာမှ ဒေသခံတစ်ဦးသည် နွားရှာသွားစဉ် မိုင်းနင်းမိ၍ အသက်သေဆုံးသွားခဲ့သည်။

ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းအရ ၂၀၂၂ ခုနှစ်စပိုင်းမှစ၍ ဇူလိုင်လအထိ မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၇ ဦးနှင့် ဒဏ်ရာရရှိသူ ၂၀ ဦးထိရှိကြောင်းသိရသည်။

ဗီဒီယိုများ