ရခိုင်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူသေဆုံးမှုရှိ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ယနေ့(မေလ ၂၈ ရက်) နံနက် ၅ နာရီခန့်က လေပြင်းတိုက်ခတ်ခဲမှုကြောင့် အမ်းလေယာဉ်ကွင်းအနီးရှိ ညောင်ပင်လဲကျကာ တစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

By ဝင်းညွန့် 28 May 2020

(ဓာတ်ပုံ - Rakhine Fire Force)

ဝင်းညွန့် | DMG
မေ ၂၈ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ယနေ့(မေလ ၂၈ ရက်) နံနက် ၅ နာရီခန့်က လေပြင်းတိုက်ခတ်ခဲမှုကြောင့် အမ်းလေယာဉ်ကွင်းအနီးရှိ ညောင်ပင်လဲကျကာ တစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

လေပြင်းတိုက်ခတ်မှုကြောင့် လဲကျခဲ့သည့် ညောင်ပင်မှာ အမ်းလေယာဉ်ကွင်း ဂိတ်(၂)ရှိ တဲပေါ်သို့ ကျရောက်ခဲ့သဖြင့် အမ်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် သစ်ပင်ပိဒဏ်ရာဖြင့် တစ်ဦးသေဆုံးခဲ့ပြီး ကျန်နှစ်ဦးမှာ (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့သဖြင့် ဆေးကုသမှုခံယူလျက်ရှိကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ထို့အပြင် အမ်းမြို့နယ်၊ သလူမော်ကျေးရွာတွင်လည်း ယနေ့နံနက်ပိုင်းက မိုးသက်လေပြင်း ကျရောက်ခဲ့မှုကြောင့် နေအိမ် ၁၆ လုံးနှင့် ဘုန်းတော်ကြီးကျောင်းမှ ဓမ္မာရုံတစ်ဆောင် ပျက်စီးသွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက DMG သို့ ပြောသည်။

“ပျက်ဆီးသွားတာကတော့ အိမ်ခေါင်းမိုးတွေ အကုန်လုံးပွင့်ထွက်သွားတယ်။ အခုတော့ အဲဒီအိမ်တွေကို ကျနော်နဲ့ကျေးရွာသားတွေက ပြန်လည်လုပ်နေကြတယ်။ ကူညီမယ့်သူတွေလည်း မရောက်ဘူး။ လူတွေတော့ ထိခိုက်မူမရှိဘူး”ဟု ၎င်းကဆိုသည်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့ကလည်း ဂွမြို့နယ်၊ ရမ္မာကျွန်းကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁၄)လုံးပျက်စီးမှုရှိခဲ့သည်။

ယခုမေလနောက်ဆုံးအပတ်တွင် ရခိုင်ပြည်နယ်သို့ အနောက်တောင်မုတ်သုံလေ ဝင်ရောက်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောဆိုသည့်သတင်းကို DMG မှ မေလ ၂၂ ရက်နေ့တွင် တင်ပြခဲ့သည်။

ရခိုင်ဒေသသည် မိုးများသည့်ဒေသဖြစ်သဖြင့် မုတ်သုံကာလတွင် ရေကြီးမှုအန္တရာယ်ကို မြစ်ချောင်းအနီး နေထိုင်သည့်ပြည်သူများ သတိထားရန်လိုကြောင်းနှင့် မိုးသက်လေပြင်းကျရောက်မှုများကိုလည်း သတိထားရန် ဒေါက်တာကျော်မိုးဦးက အသိပေးပြောဆိုထားသည်။

ဗီဒီယိုများ