အရိုးကင်ဆာရောဂါခံစားနေရသည့် အသက် (၈)နှစ်အရွယ်ကလးတစ်ဦး ဆေးကုသရန် ငွေကြေးအခက်အခဲရှိနေ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ဝဲကြီးကျေးရွာရှိ အသက် (၈) နှစ်သာရှိသေးသည့် ကလေးငယ်တစ်ဦးသည် ၎င်း၏ ဘယ်ဖက်လက်မောင်းတွင် အရိုးကင်ဆာရောဂါခံစားနေရပြီး ဆေးကုသရန်အတွက် ငွေကြေးအခက်အခဲရှိနေကြောင်း သိရသည်။

16 Aug 2021

DMG ၊ သြဂုတ် ၁၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ဝဲကြီးကျေးရွာရှိ အသက် (၈) နှစ်သာရှိသေးသည့် ကလေးငယ်တစ်ဦးသည် ၎င်း၏ ဘယ်ဖက်လက်မောင်းတွင် အရိုးကင်ဆာရောဂါခံစားနေရပြီး ဆေးကုသရန်အတွက် ငွေကြေးအခက်အခဲရှိနေကြောင်း သိရသည်။

အရိုးကင်ဆာရောဂါခံစားနေရသည့် ကလေးငယ်အမည်မှာ မောင်မြင့်မြတ်ကျော်ဖြစ်ပြီး ဦးသန်းဝင်းနှင့် ဇနီး ဒေါ်ခင်မာရီတို့၏ သုံးဦးမြောက်သားဖြစ်ကာ အငယ်ဆုံးသားလည်းဖြစ်ကြောင်း သိရသည်။

မောင်မြင့်မြတ်ကျော်မှာ (၇) အရွယ်ကပင် အဆိုပါကင်ဆာရောဂါကိုခံစားနေရသူတစ်ဦးဖြစ်ပြီး ဘယ်ဖက်လက်ကောက်ဝတ်နေရာ၌ အဖုအထစ် ပေါ်လာသည့်အခြေအနေကစပြီး ယခုကဲ့သို့ရောဂါဖြစ်သွားခဲ့ရခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးသန်းဝင်းက DMG ကိုပြောသည်။

“သားလေးက (၇) နှစ်အရွယ်ကတည်းကနေ အဲဒီရောဂါကို ခံစားနေရတာပါ။ အခုဆိုရင်တစ်နှစ်ပြည့်သွားပါပြီ။ ပထမမှာတော့ ဘယ်ဖက်လက်ကောက်ဝတ်နေရာမှာ အဖုအထစ်လေးတစ်ခုပေါ်တယ်။ အဲဒီအဖုအထစ်လေးအပေါ်တော့ ရိုးရိုးသာမန်ဆိုပြီးတော့ ဗိန္တောဆေးတွေနဲ့ ကုခဲ့တာရှိတယ်။ အဲဒီဆေးတွေနဲ့ ကုသလို့အဆင်မပြေတော့ တောင်ကုတ်က ဆေးရုံမှာ သွားပြီးပြတယ်။ ဆေးရုံမှသွားပြီးပြတော့မှ အရိုးကင်ဆာဆိုပြီးတော့သိရတာပါ”ဟု ဦးသန်းဝင်းက ပြောသည်။

မောင်မြင့်မြတ်ကျော်ကို ပြီးခဲ့သည့် ဇန်နဝါရီလတွင် ရန်ကုန်သို့သွားရောက်ကာ ဆေးကုသမှုခံယူခဲ့ပြီး နိုင်ငံရေးအခြေအနေမငြိမ်သက်မှုများကြောင့် ရန်ကုန်ဆေးရုံမှ ဆရာဝန်များက စစ်တွေသို့ ပြန်လွှတ်ခဲ့ကြောင်း သိရသည်။ လက်ရှိစစ်တွေဆေးရုံတွင်ဆေးကုသနေရကာ ဆက်လက်ဆေးကုသမှုခံယူရန် အခက်အခဲရှိနေသည်ဟု ဦးသန်းဝင်းကပြောသည်။

“ကျနော်တို့မှာ ဆေးကုသဖို့အတွက်ငွေရေးကြေးရေးတွေ အခက်အခဲရှိနေပါတယ်။ ဒီမှာကဆေးကုသဖို့ဆိုရင်လည်း အကူအညီတွေတောင်းမယ့် အသိမိတ်ဆွေတွေက မရှိဘူး။ ဘယ်နေရာသွားပြီး သွားရမှန်းလည်းမသိဘူး။ အခက်အခဲတွေကတော့ တော်တော်ဖြစ်နေပါတယ်။ ကျနော်တို့က ရန်ကုန်ဆေးရုံကဆင်းလာပြီး ဒီစစ်တွေဆေးရုံကို တန်းလာရောက်တာပါ။ ဒီကဆရာဝန်၊ ဆရာမတွေဆီကနေ အကူအညီတောင်းပြီးတော့ ကုသနေရပါတယ်။ ကလေးလက်က လုံးဝကို အခြေအနေမကောင်းတာပါ။ အဲဒီလက်ကို သူ့ဟာသူ မ,လို့လဲ မနိုင်ဘူး။ လက်က တအားရောင်နေပါတယ်”ဟု ၎င်းကဆက်ပြောသည်။

အဆိုပါရောဂါကြောင့် မောင်မြင့်မြတ်ကျော်မှာ ဘယ်ဖက်တံတောင်ဆစ်ကနေဖြတ်လိုက်ရပြီး နေ့စဉ်ဆိုသလို အချိန်ပိုင်းဒဏ်ရာကိုက်ခဲမှုများကြောင့် အလွန်ငိုကြွေးနေရသည်ဟုလည်း ဖခင်ဖြစ်သူကပြောသည်။

လက်ရှိတွင် စစ်တွေဆေးရုံမှ ဆရာဝန်များကလည်း အဆိုပါရောဂါကို ကုသလို့ရနိုင်သည့်အခြေအနေမရှိသေးသည့်အတွက် ရန်ကုန်တွင်ကုသရန်အတွက် ပြန်လွှတ်ခြင်းများရှိနေကြောင်းလည်း သိရသည်။

မောင်မြင့်မြတ်ကျော်၏ ဖခင်ဦးသန်းဝင်းသည်လည်း ၎င်းနေထိုင်ရာ ကျေးရွာ၌ ငါးဖမ်း၊ ငါးရှာ၍သာ လုပ်ကိုင်စားသောက်နေသူဖြစ်ပြီး နောက်ထပ်ရန်ကုန်သို့သွားပြီး ဆေးကုသရန်အတွက်လည်း ငွေကြေး အခက်အခဲများရှိနေကြောင်း သိရသည်။

ဗီဒီယိုများ