ရေမသန့်ရှင်းမှုကြောင့် ဘူးသီးတောင်မြို့ပေါ် မြောင်းနားစစ်ဘေးရှောင်စခန်းတွင် ဝမ်းရောဂါဖြစ်ပွား

ဘူးသီးတောင်မြို့နယ်တွင် အစိုးရမှဆောက်လုပ်ပေးထားသည့် မြောင်းနားစစ်ဘေးရှောင်စခန်း၌ ဝမ်းရောဂါ ဖြစ်ပွားမှုများရှိနေကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။

07 May 2020

ချလူးအောင် | DMG
မေလ ၇ ရက် ၊ ဘူးသီးတောင်

ဘူးသီးတောင်မြို့နယ်တွင် အစိုးရမှဆောက်လုပ်ပေးထားသည့် မြောင်းနားစစ်ဘေးရှောင်စခန်း၌ ဝမ်းရောဂါ ဖြစ်ပွားမှုများရှိနေကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။

စစ်ဘေးရှောင် ၄၀၀ ကျော်ရှိသည့် မြောင်းနားစစ်ဘေးရှောင်စခန်းမှာ သောက်သုံးရေကန်များ မရှိသဖြင့် မြောင်းနား(မွတ်ဆလင်)ကျေးရွာရှိ ကျွဲ၊နွားများသောက်သုံးသည့်ရေကန်မှ ရေများကို သောက်သုံးရေအဖြစ် သုံးစွဲနေရကြောင်း စခန်းတာဝန်ခံ ဦးဝေသာခိုင်က ပြောသည်။

လက်ရှိမှာ စစ်ဘေးဒုက္ခသည် ကျား ၉ ဦး၊ မ ၂၄ ဦးမှာ စခန်းအတွင်း ဝမ်းရောဂါဖြစ်ပွားလျက်ရှိကြောင်း ၎င်းကဆိုသည်။

“ကလေးတွေဆိုရင် တစ်နေ့ကို ဝမ်း ၃ ကြိမ်လောက်သွားတယ်။ လူကြီးတွေလည်း ရောဂါဖြစ်နေတာ ရှိပါတယ်။ ကျန်မာရေးဌာနကတော့ တစ်ပတ်မှာတစ်ခါလာတာပါ။ အဓိကရေမသန့်ပါ။ အိမ်သာလည်း အဆင်မပြေပါဘူး” ဟု ဦးဝေသာခိုင်က ပြောသည်။

မေလ ၃ ရက်နေ့က ၎င်းစခန်းအား ကျန်းမာရေးဌာနမှ လာရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည့်ဆေးဝါးများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သပိတ်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းအောင်က အဆိုပါစခန်းအား ကျန်းမာရေးဌာနမှ သွားရောက်စစ်ဆေးခဲ့ရာတွင် ရေမသန့်ခြင်းကြောင့်ဖြစ်သည်ကို တွေ့ရှိခဲ့ရကြောင်းပြောသည်။

“လူ ၃ ဦးလောက်သာ ဝမ်းရောဂါဖြစ်နေတာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဓိကတော့ သူတို့တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းတယ်။ ရေမသန့်ဖြစ်နေတယ်” ဟု ဆိုသည်။

ဘူးသီးတောင်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရွှေက မြောင်းနားစစ်ဘေးရှောင်စခန်းတွင် ရေနှင့် အိမ်သာများကို ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောသည်။

မြောင်းနားစစ်ဘေးရှောင်စခန်းတွင် အလယ်ချောင်းကျေးရွာ၊ ကျောက်စာတိုင်ကျေးရွာ၊ လက်ပန်ကိုင်း တဲစုကျေးရွာ၊ နတလ ကံ့ကော်မြိုင်ကျေးရွာတို့မှ အိမ်ထောင်စု ၈၆ စု၊ လူဦးရေ ၄၁၆ ဦး နေထိုင်လျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးဒဏ်ခံနေ ရသည့်ပြည်သူ တစ်သိန်းခြောက်သောင်းလေးထောင်ကျော်ရှိကြောင်း စစ်ဘေးဒုက္ခသည်စာရင်း ကောက်ယူ နေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ ထုတ်ပြန်ချက်အရ သိရသည်။

ဗီဒီယိုများ