မျက်နှာဖုံးစွပ်လူတစ်စု၏ ဖမ်းဆီးမှုခံရသည့် ကျောက်ဖြူဒေသခံ (၃)ဦးအနက် (၂)ဦးပြန်လွတ်လာ

မူရင်းကျေးရွာလမ်းကိုပြုပြင်နေသော ကျောက်ကလေကျေးရွာမှ ကန်ထရိုက်လုပ်ကိုင်နေသူ ဦးစိုးငြိမ်း၊ ဘတ်ဟိုးပိုင်ရှင် ဦးမောင်ဖိုးခင် နှင့် ဘတ်ဟိုးမောင်းသူ ကိုမောင်ရန်နိုင်တို့သည် ဒီဇင်ဘာလ ၂၆ ရက်နေ့၊ ညနေပိုင်းက မူရွင်းကျေးရွာနှင့် ဇင်ချောင်းကျေးရွာအကြား ဘောလန်တောင်ခြေရင်းတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

By ခိုင်မင်း(ကျောက်ဖြူ) 13 Jan 2020

ကျောက်ကလေကျေးရွာမှ ကန်ထရိုက်လုပ်ငန်း လုပ်ကိုင်နေသူ ဦးစိုးငြိမ်း မှာ ဆက်လက်ဖမ်းဆီခံထားရဆဲဖြစ်သည်။

ခိုင်မင်း | DMG
ဇန်နဝါရီ ၁၂၊ ကျောက်ဖြူ

မျက်နှာဖုံးစွပ်လူတစ်စု၏ ဖမ်းဆီးမှုကိုခံလိုက်ရသည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ ဒေသခံ(၃)ဦးအနက် (၂)ဦးကို ယနေ့ (ဇန်နဝါရီလ ၁၂ ရက်)၊ နံနက်ပိုင်းက ပြန်လွှတ်ပေးလိုက်သောကြောင့် မိမိကျေးရွာသို့ရောက်ရှိနေပြီဟု ဒေသခံများထံက သိရသည်။

မူရင်းကျေးရွာလမ်းကိုပြုပြင်နေသော ကျောက်ကလေးကျေးရွာမှ ကန်ထရိုက်လုပ်ကိုင်နေသူ ဦးစိုးငြိမ်း၊ ဘတ်ဟိုးပိုင်ရှင် ဦးမောင်ဖိုးခင် နှင့် ဘတ်ဟိုးမောင်းသူ ကိုမောင်ရန်နိုင်တို့သည် ဒီဇင်ဘာလ ၂၆ ရက်နေ့၊ ညနေပိုင်းက မူရွင်းကျေးရွာနှင့် ဇင်ချောင်းကျေးရွာအကြား ဘောလန်တောင်ခြေရင်းတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

၎င်းတို့သုံးဦးကို ယင်းနေရာတွင် ကားနှင့်အသင့်စောင့်နေသည့် မျက်နှာဖုံးစွပ်လူလေးယောက်က မျက်နှာကိုဖုံး၊ ပါးစပ်ကိုပိတ်ကာ ကားပေါ်တင်ခေါ်သွားသည်။ ယင်းနောက်(၁)နာရီခန့်အကြာတွင် မည်သည့်နေရာမှန်းမသိသော နေရာတစ်ခုတွင် ကားကိုရပ်တန့်ကာ ခြေလျှင်လျှောက်ခိုင်းခဲ့ပြီးနောက် စက်လှေဖြင့်ဖမ်းဆီးသွားသည်ဟု လွတ်မြောက်လာသူများ၏ ပြောပြချက်ကို ကိုးကားပြီး ဦးစိုးငြိမ်း၏သား ကိုအောင်သူရက DMG ကိုပြောသည်။

“မိုးကာမိုးထားတဲ့အဆောင်တစ်ခုမှာ တစ်ယောက်တစ်ခန်းထားတယ်။ ရက်ပေါင်း(၂၀)ဝန်းကျင်လောက်ကြာပြီးမှ သူတို့(၂)ယောက်ကို စက်လှေနဲ့ တင်ပြီးတော့ ပြန်လွှတ်ပေးလိုက်တာပေါ့။ ဦးစိုးငြိမ်း မပါဘူးလားမေးတော့ သူတို့မျက်နှာကို အုပ်ထားတဲ့အတွက် မသိဘူးလို့ပဲ သူတို့ကပြောတယ်” ဟု ၎င်းကဆက်လက်ဆိုသည်။

ယခုလွတ်မြောက်လာသူများမှာ ဦးမောင်ဖိုးခင်နှင့် ကိုမောင်ရန်နိုင် တို့ဖြစ်ပြီး ဦးစိုးငြိမ်းမှာ ဆက်လက်ဖမ်းဆီးခံနေရဆဲဖြစ်သည်။ ၎င်းတို့ကို ယနေ့နံနက်ပိုင်းတွင် စနဲမြို့နှင့်မအီမြို့ကြားရှိ လုံးတော်ပေါက်ကျေးရွာ အနီးတွင်လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးသူများမှာ မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိဟု လွတ်မြောက်လာသူ ကိုမောင်ရန်နိုင်က ပြောသည်။

“အဖြစ်အပျက်တွေကိုတော့ အတိအကျမမှတ်မိတော့ဘူး။ မျက်နှာကိုစည်းထားတာဆိုတော့လေ၊ အဖွဲ့လား ပုဂ္ဂလိကလား ဆိုတာတော့ မသိပါဘူး။ သူတို့က စက်လှေနဲ့ လိုက်ပို့ပြီးတော့ လုံးတော်ပေါက်နားမှာ ချခဲ့ကြတယ် ”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် လွတ်မြောက်လာသူ (၂)ဦးကို ဇင်ချောင်းရဲကင်းစခန်းတွင် စစ်ဆေးမေးမြန်းနေသည်ဟု စခန်းမှူး ရဲအုပ်အောင်ဇော်မင်းက ပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဆက်သွယ်မေးမြန်းရာတွင် “မဟုတ်ဘူး။ ကျနော်တို့ဘက်က အဲလိုဖမ်းထားတာမရှိဘူး” ဟု DMG ကိုပြောသည်။

ဖမ်းဆီးခံနေရဆဲဖြစ်သည့် ဦးစိုးငြိမ်းနှင့်ပတ်သက်ပြီး စိုးရိမ်နေကြကာ ဖမ်းဆီးထားသူများ အနေဖြင့် အမြန်ဆုံး ပြန်လွှတ်ပေးစေလိုသည်ဟု မိသားစုဝင်များက ပြောသည်။

ဆက်စပ်သတင်း : ကျောက်ဖြူမြို့နယ်တွင် လမ်းပြုပြင်နေသူသုံးဦး ပျောက်ဆုံးနေ

ဗီဒီယိုများ