COVID-19 ကြောင့် ဆောင်းသီးနှံများ ဈေးနိမ့်မည်ကို မာန်အောင်ဒေသခံများစိုးရိမ်

COVID-19 ကပ်ရောဂါကြောင့် မာန်အောင်မြို့နယ်သို့ ပြင်ပကုန်သည်များ မလာရောက်နိုင်သည့်အတွက် ဆောင်းသီးနှံများ ဈေးနှုန်းကျဆင်းလာမည်ကို ဒေသခံတောင်သူများက စိုးရိမ်လျက်ရှိနေသည်။

By အောင်ကောင်းဇော် 23 Apr 2020

အောင်ကောင်းဇော် | DMG
ဧပြီ ၂၃ ၊ မာန်အောင်

COVID-19 ကပ်ရောဂါကြောင့် မာန်အောင်မြို့နယ်သို့ ပြင်ပကုန်သည်များ မလာရောက်နိုင်သည့်အတွက် ဆောင်းသီးနှံများ ဈေးနှုန်းကျဆင်းလာမည်ကို ဒေသခံတောင်သူများက စိုးရိမ်လျက်ရှိနေသည်။

မြေပဲ၊ မတ်ပဲနှင့် သီဟိုဠ်စေ့များမှာ မာန်အောင်ဒေသ၏ အဓိကဆောင်းသီးနှံနှင့် တောင်ယာထွက်ကုန်များ ဖြစ်ကြသည်။ လက်ရှိမှာ ဆောင်းသီးနှံနှင့် တောင်ယာထွက်ကုန်များကို ဒေသတွင်း ဝယ်ယူအချို့သာရှိပြီး ပြင်ပကုန်သည်များမှာ အသွားအလာ ကန့်သတ်ထားသဖြင့် ဝယ်ယူမှုမရှိကြကြောင်း သိရသည်။

“အခုက ကုန်သွယ်ရေးလမ်းတွေလည်း ပိတ်နေတယ်ဆိုတော့ မြေပဲဈေးတွေ ကျဆင်းမှာကို ကျနော်တို့ စိုးရိမ်တယ်။ အခုတော့ ဈေးမကျသေးဘူး၊ ဒါပေမဲ့ ဝယ်လက်ကုန်သည်တွေ မရှိသေးဘူး။ ဒီအတိုင်း ဆီစက်တွေက ဝယ်တာပဲရှိတယ်။ ကုန်သည်တွေ ဒီလအလယ်လောက်မှာ မဝယ်ရင်တော့ ဈေးကျမှာ စိုးရိမ်တယ်” ဟု ကုန်းခင်ကျေးရွာမှ မြေပဲစိုက်တောင်သူ ဦးညီလေးက ဆိုသည်။

လတ်တလောမှာ မြေပဲဈေးများ ကျဆင်းသွားမှုမရှိသေးဘဲ မြေပဲတစ်တင်းကို ငွေကျပ်တစ်သောင်းသုံးထောင်မှ တစ်သောင်းငါးထောင်ဈေးအထိ ရှိနေကြောင်း မြေပဲရောင်းဝယ်သူများထံမှ သိရသည်။

“လောလောဆယ်တော့ မြေပဲဈေးကပုံမှန်ပါပဲ။ အရင်နှစ်ကဈေးနဲ့အတူတူပဲ။ နောက် ဈေးကျမယ် မကျဘူး ဆိုတာကတော့ ကျနော်တို့ သေချာမပြောတတ်သေးဘူး”ဟု မြေပဲရောင်းဝယ်ရေးလုပ်ကိုင်သူ ဦးညီဝင်းစိန်က ပြောသည်။

မိုးရွာသွန်းမှု နည်းလာခြင်းကြောင့် မြေအစိုဓာတ်မရရှိဘဲ မြေပဲစိုက်ပျိုးရန်အခက်အခဲရှိလာသဖြင့် မာန်အောင် မြို့နယ်အတွင်း မြေပဲစိုက်ပျိုးသူနည်းလာနေကြောင်း ဦးညီဝင်းစိန်က ဆိုသည်။

မာန်အောင်မြို့နယ်အတွင်း သီဟိုဠ်စေ့ဈေးမှာ ယခင်နှစ်ဈေးနှုန်းထက် ထက်ဝက်မျှကျဆင်းသွားခဲ့ကြောင်း သီဟိုဠ်ခြံစိုက်ပျိုးသူများထံမှ သိရသည်။

ယခင်နှစ်က သီဟိုဠ်စေ့ တစ်ပိဿာကို တစ်ထောင့်ခြောက်ရာကျပ်နဲ့ ရောင်းချခဲ့ရာမှ ယခုနှစ်တွင် ၈၀၀ ကျပ်သာ ရရှိတော့ကြောင်း သီဟိုဠ်ခြံစိုက်ပျိုးသူ ဒေါ်မငယ်က ဆိုသည်။

“ဒီနှစ် သီဟိုဠ်ဈေးက အရင်နှစ်ထက် ထက်ဝက်ကျော်ကျဆင်းနေတယ်။ အခု တစ်ပိသာကို ၈၀၀ ပဲရှိတယ်။ ဈေးတော့တက်မယ်ပြောတယ်။ အခုလောလောဆယ်တော့ ဒီဈေးပဲရတယ်။ အဆင်မပြေဘူး”ဟု ဒေါ်မငယ်က ပြောသည်။

ယခုနှစ်တွင် မာန်အောင်မြို့နယ်အတွင်း မတ်ပဲစိုက်ဧက စုစုပေါင်း ၈၀ ခန့်ရှိပြီး လက်ရှိမှာ မတ်ပဲရိတ်သိမ်းချိန် ရောက်ရှိနေပြီလည်းဖြစ်သည်။

မာန်အောင်မြို့နယ်အတွင်း တောင်သူများမှာ မိုးရာသီတွင် စပါးစိုက်ပျိုးရေးလုပ်ငန်းနှင့် ဆောင်းရာသီတွင် မြေပဲ၊ မတ်ပဲ၊ သီဟိုဠ်စေ့ စသည့် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။

လက်ရှိမှာ ဆောင်းသီးနှံများ ဈေးမရရှိပါက မိုးစပါးချေးငွေ ပြန်ဆပ်ရန် အခက်အခဲရှိပြီး ချေးငွေပြန်လည်ရယူရန် ခက်ခဲလာမည်ကို တောင်သူများက စိုးရိမ်နေကြသည်။

ဗီဒီယိုများ