ရခိုင်ပြည်နယ်မှ တိုင်တန်းမှုများကို ကိုဗစ်ကြောင့် ကွင်းဆင်းစစ်ဆေးမှု မပြုလုပ်နိုင်ဟု လူ့အခွင့်အရေး ကော်မရှင်ဆို

ကိုဗစ်ကြောင့် အသွားအလာကန့်သတ်မှုများ ရှိနေသဖြင့် ရခိုင်ပြည်နယ်အတွင်း ဒေသခံအချို့ လူ့အခွင့်အရေး ချိုးဖောက်ခံရကြောင်း တိုင်တန်းမှုများကို ကွင်းဆင်းစစ်ဆေးမှုများမပြုလုပ်နိုင်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်က ပြောဆိုသည်။

By နှင်းနွယ် 28 Dec 2020


နှင်းနွယ် | DMG
ဒီဇင်ဘာ ၂၈ ၊ စစ်တွေ

ကိုဗစ်ကြောင့် အသွားအလာကန့်သတ်မှုများ ရှိနေသဖြင့် ရခိုင်ပြည်နယ်အတွင်း ဒေသခံအချို့ လူ့အခွင့်အရေး ချိုးဖောက်ခံရကြောင်း တိုင်တန်းမှုများကို ကွင်းဆင်းစစ်ဆေးမှုများမပြုလုပ်နိုင်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်က ပြောဆိုသည်။

ကျောက်တော်မြို့နယ်အတွင်း ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအထိ လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်မှုကြောင့် ထိခိုက်သေဆုံးမှုများ၊ ဖမ်းဆီးခံရမှုများ စသည့်လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများနှင့် ဒေသခံများက တိုင်တန်းလာသည့် တိုင်တန်းစာ(၁၉)စောင်အား ကာကွယ်ရေးဝန်ကြီးဌာနသို့ ဇွန်လ ၁၁ ရက်နေ့တွင် ပူးတွဲ ပေးပို့ခဲ့ကြောင်း ကော်မရှင်ထံမှ သိရသည်။

ယင်းတိုင်တန်းချက်များနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနမှ စက်တင်ဘာလ (၈)နေ့က ကော်မရှင်သို့ အကြောင်းပြန်ရာတွင် ကျောက်တော်မြို့နယ်မှတင်ပြထားသည့်အမှုများနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် တစ်စုံတစ်ရာ ကျူးလွန်ခြင်းမရှိကြောင်း ပြောဆိုထားသည်။

ထိုသို့မြေပြင်မှဒေသခံများ၏တိုင်တန်းချက်များနှင့် တပ်မတော်၏ပြောဆိုချက်များမှာ ကွဲလွဲမှုများရှိနေ သော်လည်း လတ်တလောအခြေအနေ၌ အမှန်တရားကိုသိရှိရန် ကွင်းဆင်းစစ်ဆေးမှုများလုပ်ရန် အဆင်မပြေ သေးကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်က DMG သို့ ပြောသည်။

“ကျနော်တို့ရဲ့ဥပဒေက ဘယ်နေရာမှာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်ဆိုတာသိရင် ဘယ်သူ့ကိုမှ သွားတိုင်နေစရာမလိုဘူး။ ချက်ချင်းသွားပြီးစစ်ဆေးလို့ရတယ်။ ဒါပေမယ့် ကျနော်တို့မှာခက်တာက ကိုဗစ်နဲ့ သွားလို့မရဘူး။ ဒါကြောင့် လောလောဆယ်အဓိကပတ်သက်နေတဲ့ တပ်မတော်ကိုပဲမေးလိုက်ရတာပေါ့။ သူတို့က အဲဒီနေရာတွေမှာ တကယ်ရှိခဲ့တဲ့သူတွေ။ ဒါကြောင့်လောလောဆယ် သူတို့ပြောတာကိုပဲ လက်ခံထား ရတယ်။ ကျနော်တို့က ဒါကိုမယုံဘူး။ သွားစစ်ဆေးမယ်ဆိုလည်း အခြေအနေပေးမှစစ်ဆေးလို့ရမယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ကော်မရှင်အနေဖြင့် ၎င်းတို့ထံတိုင်ကြားထားသည့်အမှုများနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်ကြားစာများကို ကာယကံရှင်များထံသို့ပြန်လည်ပို့ပေးထားကြောင်းနှင့် နောက်ထပ်တိုင်ကြားထားသည့် အမှု များကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ပေးပို့ထားပြီဖြစ်ကြောင်း ဦးလှမြင့်က ဆက်လက်ရှင်းပြသည်။

“ကျနော်တို့ကတော့ လူ့အခွင့်အရေးချိုးဖောက်တာတွေကို လာတိုင်မှမဟုတ်ဘူး။ မတိုင်ရင်လည်း ဘယ်နေရာမှာ ဘာတွေဖြစ်နေလဲဆိုတာသိဖို့ ဆိုရှယ်မီဒီယာတွေကို အမြဲတမ်းစောင့်ကြည့်နေတာ။ တစ်ခုခု သတင်းကြားတာနဲ့ ရခိုင်နဲ့ဆိုင်ရင် ရခိုင်ကရုံးကိုဖုန်းဆက်ပြီးတော့ ဘာဖြစ်တာလဲဆိုတာကို ချက်ချင်းစုံစမ်းဆိုပြီး လုပ်ဆောင်ခိုင်းတာတွေရှိတယ်။ ပြီးတော့ တစ်ချို့ ရဲကအမှုမဖွင့်ပေးတဲ့ကိစ္စတွေရှိရင် ဥပေဒအကြံပေး အဖွဲ့တွေနဲ့သွားတွေ့ပြီး တိုင်ပင်ဆိုပြီး အကြံပေးတာတွေရှိတယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခု နှစ်ကုန်ပိုင်းကတည်းကပင် တိုက်ပွဲအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု များနှင့်ပတ်သက်၍ လူ့အခွင့်အရေးကော်မရှင်ထံသို့ စဉ်ဆက်မပြတ်တိုင်ကြားခဲ့သော်လည်း စစ်ဆေးမှုများ တစ်စုံတစ်ရာလုပ်ဆောင်ခြင်းမရှိဟု လွှတ်တော်ကိုယ်စားလှယ်များနှင့် ရခိုင့်လူ့အခွင့်အေရးကာကွယ်မြှင့် တင်သူများအဖွဲ့က ထောက်ပြပြောဆိုမှုများလည်းရှိသည်။

အကယ်၍ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များအား အမှန်တကယ်အလေးအနက်ထားပြီး လူ့အခွင့်အရေးနှင့်ပတ်သက်လျှင် ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်း ပေးမည့်စိတ်ရှိပါက တစ်နည်းနည်းဖြင့်ကြိုးစားလုပ်ဆောင်ပေးသင့်ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ဆိုသည်။

“လက်ရှိကိုဗစ်ကြောင့် လာလို့မရဘူးဆိုရင် ကိုဗစ်ပြီးသွားရင်လာမယ်ဆိုတဲ့သဘောမျိုးလား။ ကိုဗစ် ဒီနှစ်မှ ဖြစ်တာ။ ဟိုးအရင်ကိုဗစ်မဖြစ်ခင်ကတည်းကဖြစ်ပွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကတော့ ဘာလို့ စစ်ဆေးမှုတွေမလုပ်ခဲ့လဲဆိုတာတော့ သူတို့ပဲသိမယ်။ အုပ်ချုပ်ရေးပိုင်းတွေမှာ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဆိုပြီး အဆင့်ဆင့်ရှိနေတာပဲ။ ဆိုလိုတာက သူတို့ဆက်စပ်လုပ်လို့ရတဲ့ လမ်းကြောင်းတွေနဲ့ဆက်စပ်ပြီး စုံစမ်းမေးမြန်း တာတွေကတော့ အမှန်တကယ်လုပ်မယ်ဆိုရင် လုပ်လို့ရတယ်’’ ဟု ၎င်းကပြောသည်။
တပ်မတော်၏ဖမ်းဆီးခြင်းကိုခံရပြီးနောက် ပျောက်ဆုံးနေသည်ဆိုသော တင်းမကျေးရွာသား (၁၈)ဦးထဲမှ ကိုမောင်ကြည်လင်း၏အစ်မဖြစ်သူ မမြဝင်းကြည်က

၎င်းတို့ကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်များကို ကော်မရှင် အနေဖြင့် ကိုယ်တိုင်လာရောက်စစ်ဆေးပါက ပိုမိုတိကျသည့်အဖြေတစ်ခု ထွက်လာမည်ဖြစ်ကြောင်း ဆိုသည်။

“လူ့အခွင့်အရေးအဖွဲ့အနေနဲ့ စကားပြောနေတာထက်စာရင် ကျွန်မတို့နေရာကိုလာပြီး စစ်ဆေးတာက ပိုပြီး ထိရောက်မယ်။ သေချာတဲ့အဖြေတစ်ခုရလိမ့်မယ်လို့ထင်တယ်။ မိသားစုဝင်တွေကလည်း မဖမ်းဘဲဖမ်းတယ်လို့ မပြောဘူး။ ဒါပေမယ့် သူတို့ကမဖမ်းဘူးဆိုပြီးငြင်းတယ်။ ကျမတို့ကတော့ ဒီကိစ္စတွေကို ကော်မရှင်အနေနဲ့ ဖော်ထုတ်ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်” ဟု မမြဝင်းကြည်က ပြောသည်။

ကျောက်တော်မြို့နယ်အတွင်းတွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ လက်နက်ကြီး၊လက်နက်ငယ်ထိမှန်မှုကြောင့် သေဆုံးသူ ၄၈ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၀၈ ဦးနှင့် သံသယဖြင့် ဖမ်းဆီးခံရသူ ၁၀၅ ဦးအထိရှိကြောင်း Center for rural research and development အဖွဲ့၏ စာရင်းအရ သိရှိရသည်။

ဗီဒီယိုများ