မင်းပြားမြို့တွင် နေအိမ်အတွင်း လက်နက်ကြီးကျည်ကျပြီး တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

သေဆုံးသွားသူ ဦးလှထွန်းမှာ တပ်မတော်မှ တပ်ကြပ်ကြီးတစ်ဦးဖြစ်ပြီး ၎င်း၏ဇနီးဖြစ်သူ ဒေါ်သန်းသန်း၏ နောက်ကျောတွင် ကျည်စထိမှန်ပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

By ကျော်ချစ် 20 Aug 2019

ကျော်ချစ် | DMG
သြဂုတ် ၂၀ ၊ စစ်တွေ

ရခိုင်ပြည်နယ် မင်းပြားမြို့ ဆင်ကြီးပြင်ကျော်လမ်းတွင်ရှိသည့် နေအိမ်အတွင်းသို့ သြဂုတ်လ ၁၉ ရက်နေ့ ည ၁၀ နာရီကျော်အချိန်က လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူ ဦးလှထွန်းမှာ တပ်မတော်မှ တပ်ကြပ်ကြီးတစ်ဦးဖြစ်ပြီး ၎င်း၏ဇနီးဖြစ်သူ ဒေါ်သန်းသန်း၏ နောက်ကျောတွင် ကျည်စထိမှန်ပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

“ဆင်ကြီးပြင်ကျော်လမ်းမှာရှိတဲ့ နေအိမ်တစ်အိမ်က လူတစ်ယောက်ကို ကျည်ဆံထိမှန်ပြီးသေဆုံးသွားပါတယ်။ ဇနီးသည်ကတော့ အရေးပေါ်လူနာနဲ့ မင်းပြားဆေးရုံမှာတင်ထားပါတယ်” ဟု မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

တပ်ကြပ်ကြီးဦးလှထွန်းသည် ရသေ့တောင်မြို့နယ် ၅၃၇ တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ကာ ခွင့်ယူပြီး မင်းပြားမြို့နယ်သို့ အလည်ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

တပ်ကြပ်ကြီး လင်မယားအပါအဝင် မိသားစု ၈ ဦးတို့မှာ နေအိမ်အတွင်းအိပ်နေစဉ် ကျိန်းတောင်ပေါ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်လာခြင်းဖြစ်ကြောင်း မိသားစုဝင်များမှပြောသည်။

မင်းပြားမြို့နယ် တံခွန်တိုင်ကျေးရွာနှင့် ကုလားမတောင်ကျေးရွာကြားတွင် ယနေ့သြဂုတ်လ ၂၀ ရက်နေ့တွင် မိုင်းပေါက်ကွဲမှုများလည်းဖြစ်ပွားခဲ့ကြောင်း ကုလားမတောင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
“ပစ်သံ၊ ပေါက်သံတော့ကြားတယ်။ ကျနော်တို့ကရွာထဲကမထွက်ရဲတော့ ဘာဖြစ်တယ်ဆိုတာ သေချာမသိ နိုင်ဘူး” ဟု ၎င်းဒေသခံကဆိုသည်။

ယခုကဲ့သို့ မင်းပြားမြို့နယ်အတွင်း ပေါက်ကွဲမှုများအား မသိရှိသေးကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ယနေ့နံနက်ပိုင်းက ပြောသည်။ 

ဗီဒီယိုများ