ဘူးသီးတောင်မြို့နယ်တွင် မွတ်ဆလင်တစ်ဦး မိုင်းနင်းမိသေဆုံး

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင်မွတ်ဆလင်ကျေးရွာမှ အမျိုးသားတစ်ဦး ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ နံနက် ၅ နာရီကျော်က မိုင်းနင်းမိသဖြင့် သေဆုံးသွားသည်ဟု မိသားစုဝင်များထံက သိရသည်။

By ချလူးအောင် 18 Feb 2020

ချလူးအောင် | DMG
ဖေဖော်ဝါရီ ၁၈၊ ဘူးသီးတောင်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင်မွတ်ဆလင်ကျေးရွာမှ အမျိုးသားတစ်ဦး ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ နံနက် ၅ နာရီကျော်က မိုင်းနင်းမိသဖြင့် သေဆုံးသွားသည်ဟု မိသားစုဝင်များထံက သိရသည်။

အသက် (၆၅)နှစ်အရွယ် မာမောက်အိနုစ်သည် နွားများကို စားကျက်မြေမှာ လွှတ်ပေးပြီး ရွာသို့ပြန်လာစဉ် ရွာမြောက်ဘက် တောင်ကုန်းအနီးတွင် မိုင်းနင်းမိသဖြင့် ခြေထောက် (၂)ချောင်းတွင် ဒဏ်ရာပြင်းထန်စွာရရှိသွားသည်။

ထို့ကြောင့် ဘူးသီးတောင်ဆေးရုံသို့ပို့ဆောင်ရန် ဖုံညိုလိပ်ဆေးပေးခန်းတွင် အရေးပေါ်ကုသမှုပြုလုပ်နေစဉ် သွေးထွက်လွန်ပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု သားဖြစ်သူ မာမောက်ဆီယောက်က ပြောသည်။

“ကျနော့်အဖေက မနက် ၆ နာရီလောက်မှာ အိမ်က နွားတွေကို စားကျက်မှာ သွားလွှတ်ပေးပြီးအပြန်မှာ ဘယ်သူထောင်ထားမှန်းမသိတဲ့ မိုင်းနင်းမိပြီး ခြေထောက် ၂ ချောင်းဒဏ်ရာရသွားတယ်။ ဆေးရုံကိုပို့ဖို့လုပ်နေတုန်း သွေးထွက်လွန်သေဆုံးသွားတယ်” ဟု ၎င်းကဆိုသည်။

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲဖြစ်ပွားနေသည့် မြို့နယ်များတွင် မိုင်းပေါက်ကွဲမှုများ မကြာခဏဖြစ်ပေါ်နေပြီး သေဆုံး၊ဒဏ်ရာရရှိမှုများ ရှိနေသည်။

ထိုသို့ဖြစ်ပေါ်နေသောကြောင့် တိုက်ပွဲဖြစ်ပွားနေသည့် ဘူးသီးတောင်မြို့နယ်အပါအဝင် မြို့နယ် (၆)ခုတွင် မိုင်းအန္တရာယ်လျော့ချရေး အသိပညာပေးအစီအစဉ်ကို ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC ) က ဦးဆောင်ပြီး ယခုလမှ နိုဝင်ဘာလအတွင်း ပြုလုပ်သွားမည်ဟု သိရသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး လက်နက်ကြီးထိမှန်မှု၊ မိုင်းပေါက်ကွဲမှု၊ ပစ်ခတ်ခံရမှုတို့ကြောင့် အရပ်သား(၁၃၀) ကျော်သေဆုံးကာ ဒဏ်ရာရရှိသူ (၃၆၀)ကျော်ရှိသည်ဟု ရက္ခိုင်ကျောင်းသားသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)ထံမှ သိရသည်။

ဗီဒီယိုများ