စစ်ဘေးရှောင်အမျိုးသမီးများကို ရခိုင်အမျိုးသမီးကွန်ရက်မှ လစဉ်သုံးပစ္စည်းများ ထောက်ပံ့မည်

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းက အမျိုးသမီးများကို အမျိုးသမီးလစဉ်သုံးပစ္စည်းများ ထောက်ပံ့မည်ဟု ရခိုင်အမျိုးသမီးကွန်ရက်မှ သိရသည်။

By မျိုးသီရိကျော် 25 Dec 2020

မျိုးသီရိကျော် | DMG
ဒီဇင်ဘာ ၂၅ ၊ စစ်တွေ

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းက အမျိုးသမီးများကို အမျိုးသမီးလစဉ်သုံးပစ္စည်းများ ထောက်ပံ့မည်ဟု ရခိုင်အမျိုးသမီးကွန်ရက်မှ သိရသည်။

စစ်ဘေးရှောင်အမျိုးသမီးများအတွက် လစဉ်သုံးပစ္စည်းများကို အလှူရှင်များမှ ထောက်ပံ့သော်လည်း လုံလောက်မှုမရှိသည့်အတွက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး ယင်းသို့ထောက်ပံ့နိုင်ရန်လည်း စစ်ဘေးရှောင်အမျိုးသမီးများကို စက်ချုပ်သင်တန်းပေးကာ ချုပ်လုပ်နေကြောင်း ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက ပြောသည်။

“စစ်ဘေးရှောင်စခန်းက အမျိုးသမီးတွေအတွက် အလုပ်တစ်ခုခု ရရှိအောင်ပေါ့နော်။ ရေရှည်မှာလည်း စက်ချုပ် အတတ်ပညာကို လုပ်ကိုင်နိုင်အောင် အတတ်ပညာတစ်ခုလည်း ရသွားအောင်ပေါ့။ နောင်တချိန်မှာ ဒီလိုမျိုး အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို တွင်တွင်ကျယ်ကျယ် ချုပ်လာနိုင်အောင်။ လူတွေက အသုံးများလာပြီး တွင်ကျယ်လာတဲ့အခါ သူတို့အတွက်ပဲ ပိုက်ဆံတွေက ရသွားမှာဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့” ဟု ဆိုသည်။

လစဉ်သုံးပစ္စည်းများ လိုအပ်နေသည့် စစ်ဘေးရှောင်စခန်းများအတွက် ထောက်ပံ့သွားမည်ဖြစ်ပြီး အခြားအလှူရှင်များအနေဖြင့် လှူဒါန်းမည်ဆိုပါက စက်ချုပ်နေသူများ လက်ခရရှိအောင် တစ်ခုကို ၄၀၀ ကျပ် နှုန်းဖြင့် ကောက်ခံသွားမည်ဟု ဒေါ်ညိုအေးက ပြောသည်။

အမျိုးသမီးလစဉ်သုံးပစ္စည်း ပြုလုပ်ရာတွင် လိုအပ်သည့် ကုန်ကြမ်းပစ္စည်း (ပိတ်စ) များကို Korea Program on International Agriculture အဖွဲ့မှ ထောက်ပံ့ပေးပြီး အပ်ခြုပ်စက် ၁၀ လုံးကို ကိုးရီးယားနိုင်ငံမှ သီလရှင် ဝေါန်ဒမ်နဲ့ဂျီအင်း ၂ ပါးမှ လှူဒါန်းထားသည်။

လက်ရှိတွင် စက်ချုပ်သင် စစ်ဘေးရှောင်အမျိုးသမီး ၁၆ ဦးရှိပြီး ထပ်မံပြီး အလုပ်လက်မဲ့ဖြစ်နေသည့် စစ်ဘေးရှောင်အမျိုးများအား ခေါ်ယူပြီး သင်ကြားသွားမည့်အစီစဉ်ရှိကြောင်း ရခိုင်အမျိုးသမီးကွန်ရက်မှ သိရသည်။

“တခါသုံးကကျတော့ ကျန်းမာရေးအတွက်တော့ ကောင်းပါတယ်။ ဒါပေမယ့် ကျမတို့မှာ လစဉ်လာထောက်ပံ့ပေးတာ မရှိတဲ့အခါဆိုရင် ကျမတို့ကဖြစ်သလို သုံးလိုက်ရတာတွေလည်းရှိပါတယ်။ ဒါကြောင့် ပိတ်စနဲ့ ချုပ်ထားတဲ့ဟာဆိုရင် သေချာလျှော်ဖွတ်ပြီး သုံးလို့ရတာပေါ့”ဟု စက်ခြုပ်သင်နေသည့် ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ မလှလှချေက ပြောသည်။

 လူဦးရေ ၁၂၀၀ ကျော် ရှိသည့် ကျောက်တော်မြို့နယ် နေပူခံစစ်ဘေးရှောင်စခန်းတွင် အမျိုးသမီးလစဉ်သုံး ပစ္စည်းများ အလုံအလောက်မရရှိကြောင်း စခန်းမှာခိုလှုံနေသည့် မနွယ်နွယ်ဝင်းက ဆိုသည်။

“ကျမတို့မှာ လစဉ်သုံးပစ္စည်းတွေ လုံလောက်မှုမရှိပါဘူး။ အပျိုလေးတွေအတွက် လစဉ်သုံးပစ္စည်းတွေက လာရောက်ထောက်ပံ့ပေးတာလည်း နည်းပါတယ်” ဟုဆိုသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများတည်ငြိမ်နေသည့်အတွက် စစ်ဘေးရှောင်သုံးထောင်ခန့်မှာ မိမိနေရပ်သို့ ပြန်သွားကြပြီး စစ်ဘေးရှောင်ဦးရေ တစ်သိန်းကိုးသောင်းကျော်သာ ကျန်ရှိတော့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းအရ သိရသည်။

ဗီဒီယိုများ