မော်ဒန်ကဗျာဆုကို ရခိုင်စာပေဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ပထမဆုံးအကြိမ် ဆုချီးမြှင့်

ရခိုင်စာပေပြိုင်ပွဲအများစုတွင် ချန်လှပ်ထားခြင်းခံရသည့် ကဗျာဆုတစ်ခုဖြစ်သည့် “မော်ဒန်ကဗျာဆု”ကို ရခိုင်စာပေဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ တတိယအကြိမ်မြောက်ဆုပေးပွဲတွင် ထည့်သွင်းချီးမြှင့်ခဲ့သည်။

23 Apr 2022

DMG ၊ ဧပြီလ ၂၃

ရခိုင်စာပေပြိုင်ပွဲအများစုတွင် ချန်လှပ်ထားခြင်းခံရသည့် ကဗျာဆုတစ်ခုဖြစ်သည့် “မော်ဒန်ကဗျာဆု”ကို ရခိုင်စာပေဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ တတိယအကြိမ်မြောက်ဆုပေးပွဲတွင် ထည့်သွင်းချီးမြှင့်ခဲ့သည်။

အဆိုပါဆုပေးပွဲကို ဧပြီလ ၂၂ ရက်နေ့က ရမ်းဗြဲမြို့၊ ဒက္ခိဏရာမဝိဟာရကျောင်းတိုက်တွင်ပြုလုပ်ခဲ့ပြီး မော်ဒန်ကဗျာဆုကို ကဗျာဆရာ ပန်းသီကြိုး(ရသေ့တောင်)က “ကြယ်ကြွီလမ်းနှင့် အခြားကဗျာ” ကဗျာပေါင်းချုပ်စာအုပ်ဖြင့် ရရှိခဲ့သည်။

“ပထမဆုံးအနေနဲ့ ကဗျာဆုမှာ ခေတ်ပေါ်ကဗျာဆုပါလာလို့ ကျေးဇူးတင်ပါတယ်။ ကျနော်ဆုရလို့ပျော်ပါတယ်။ ဒါပေမယ့် ကျနော့်ထက် ခေတ်ပေါ်ကဗျာအရေးကောင်းတဲ့ဆရာတွေ ရခိုင်မှာအများကြီးရှိပါသေးတယ်။ ပြိုင်ပွဲဖြစ်လို့ စာမူရောက်တဲ့အပေါ်မှာ ရွေးချယ်တာဖြစ်လို့ ခေတ်ပေါ်ကဗျာစာမူအရောက်နည်းလို့ ကျနော်ရတယ်လို့ ထင်ပါတယ်”ဟုဆုရရှိသူ ကဗျာဆရာပန်းသီကြိုး(ရသေ့တောင်)က ၎င်း၏လူမှုကွန်ရက်တွင် ရေးထားသည်။

ပြီးခဲ့သည့်နှစ်များက မော်ဒန်ကဗျာများကို ဆုမချီးမြှင့်ခဲ့သဖြင့် အငြင်းပွားဖွယ်များပေါ်ပေါက်ခဲ့ကာ ယခုနှစ်တွင် ပြန်လည်သုံးသပ်ပြီးဆုချီးမြှင့်ရခြင်းဖြစ်သည်ဟု ရခိုင်စာပေဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ မင်းပြားမင်းသိန်းဇံက DMG သို့ပြောသည်။

“ဒုတိယအကြိမ်စာပေဆုပေးတဲ့အခါ ပြဿနာတက်တယ်။ တစ်ချို့မော်ဒန်တွေကို မပေးခဲ့ဘဲ ဂန္ထဝင်တွေကိုပေးခဲ့တယ်။ မော်ဒန်သမားတွေ နစ်နာသွားတာပေါ့။အဲ ဒါကိုအကြောင်းပြုပြီး နောက်နှစ် စာပေပြိုင်ပွဲတွေမှာ ကဗျာပြိုင်ဖို့ခေါ်ရင် မော်ဒန်ကိုလည်း ခေါ်တယ်၊ ဂန္ထဝင်တွေကိုလည်းခေါ်တယ်။ ပြီးခဲ့တဲ့နှစ်ကဟာကို သင်ခန်းစာယူပြီးတော့ ဒီနှစ်မှာဆုရွေးချယ်တဲ့အခါ ဂန္ထဝင်ကိုတစ်ဦးပေး၊ မော်ဒန်ကို တစ်ဦးပေးတာ”ဟု ၎င်းကဆိုသည်။

ဂန္ထဝင်ကဗျာဆုကို ကဗျာဆရာ မင်းလွင်(ကျောက်ကလေ)က “စိတ်ချနိန်လီနန့် အခြားကဗျာများ”စာအုပ်ဖြင့်ရရှိခဲ့ပြီး ဝတ္ထုတိုပေါင်းချုပ်ဆုကို “မဟာသုဘဒ္ဒဖြေဆီးနန့် အခြားဝတ္ထုတိုများ”စာအုပ်ဖြင့် ခိုင်ရွှေသဇင်မြတ်ကလည်းကောင်း၊ ဆောင်းပါးဆုကို “ရခိုင်မဏ္ဍိုင်ဇာတီများနှင့် အခြားဆောင်းပါးများ”စာအုပ်ဖြင့် ရက္ခ သာကီ(ကျိန်းရိပ်မြီ)က ရရှိခဲ့သည်။

"စာပေသမားမှာဆုရတယ်ဆိုတာ မှတ်တိုင်တစ်ခုပါ။ ပျော်တယ်။ ကျေနပ်တယ်။ အရင်နှစ်တွေနဲ့မတူဘဲ စာပေဆု(၄)ဆုပေးတယ်။ ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး(၃)မျိုးလုံးကို ဆုပေးတယ်။ ပိုပြီးမှတ်မှတ်ရရဖြစ်တယ်"ဟု ဆုရရှိသူ စာရေးဆရာမ ခိုင်ရွှေသဇင်မြတ်ကပြောသည်။

ရခိုင်စာပေဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ ပဉ္စမအကြိမ် နှစ်ပတ်လည်အစည်းအဝေးကိုလည်း ရမ်းဗြဲမြို့တွင် ဧပြီလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ နှစ်ရက်တိုင်တိုင်ကျင်းပနေပြီး ရခိုင်စာလုံးပေါင်းသတ်ပုံကျမ်းဖြစ်မြောက်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါဆုပေးပွဲနှင့် နှစ်ပတ်လည်အစည်းအဝေးသို့ ရခိုင်စာပီဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအသင်းဝင် စာရေးဆရာ၊ စာရေးဆရာမ (၅၆)ဦး၊ သံဃာတော်(၁၀)ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဗီဒီယိုများ