မတရားအသင်းဆက်သွယ်မှုနှင့် တရားစွဲဆိုခံထားရသည့် မိုးပညာဒါနကျောင်း ဥက္ကဋ္ဌကို ရုံးချိန်းထပ်ရွှေ့ဆိုင်း

မတရားအသင်းဆက်သွယ်မှုဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် မိုးပညာဒါနကျောင်း ဥက္ကဋ္ဌ ကိုအောင်ဝင်းလှိုင်ကို သြဂုတ်လ ၂၃ ရက်နေ့က ရုံးထုတ်ခဲ့သော်လည်း ကိုဗစ်ကာလ ရုံးပိတ်ရက်ဖြစ်နေသည့်အတွက် စစ်ဆေးမေးမြန်းခြင်းမရှိခဲ့ဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

24 Aug 2021

DMG ၊ သြဂုတ် ၂၄

မတရားအသင်းဆက်သွယ်မှုဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် မိုးပညာဒါနကျောင်း ဥက္ကဋ္ဌ ကိုအောင်ဝင်းလှိုင်ကို သြဂုတ်လ ၂၃ ရက်နေ့က ရုံးထုတ်ခဲ့သော်လည်း ကိုဗစ်ကာလ ရုံးပိတ်ရက်ဖြစ်နေသည့်အတွက် စစ်ဆေးမေးမြန်းခြင်းမရှိခဲ့ဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

အဆိုပါအမှုအား သြဂုတ်လ ၆ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေဦးအောင်ကြည်နိုင်က ပြောသည်။

"အောင်ဝင်းလှိုင်ကတော့ ကျန်းကျန်းမာမာပါ။ လက်ရှိကတော့ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ-၁၇(၁) တစ်ခုနဲ့ဘဲ တရားစွဲဆိုထားသေးတယ်"ဟု ၎င်းကပြောသည်။

ကိုအောင်ဝင်းလှိုင်ကို ၂၀၂၁ ခုနှစ် ဇွန်လ ၅ ရက်နေ့က တောင်ကုတ်-သံတွဲသွားလမ်း ဖုံညိုတောင်စစ်ဆေးရေးဂိတ်အနီးတွင် တပ်မတော်သားများမှ ဖမ်းဆီးခဲ့ခြင်းကိုခံခဲ့ရပြီး ယင်းကဲ့သို့ ဖမ်းဆီးခံရပြီး တစ်လကျော်အကြာ ဇူလိုင်လ ၁၄ ရက်နေ့က ကိုအောင်ဝင်းလှိုင်ကို တပ်မတော်ဖက်မှ တောင်ကုတ်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရခိုင်တပ်တော်တို့အကြား တိုက်ပွဲများရပ်နားကာ ငြိမ်ချမ်းရေးအသွင်ဆောင်နေချိန်တွင် ပရဟိတလုပ်ကိုင်နေသည့် လူငယ်တစ်ဦးကို ဖမ်းဆီးတရားစွဲခြင်းမှာ ပရဟိတအသင်းအဖွဲ့များအား ခေါင်းမမော့ခြင်းနိုင်အောင် ခြောက်လှန့်ခြင်းဖြစ်သည်ဟု မိုးပညာဒါနကျောင်းအသင်းဝင် ကိုမောင်မောင်သိန်းက ပြောဆိုသည်။

"ကျနော်တို့က ပရဟိတသမားတွေဖြစ်တယ်။ အဲဒါကိုဖမ်းဆီးပြီး တရားစွဲတယ်ဆိုတာ လက်ရှိငြိမ်ချမ်းနေတဲ့ ရခိုင်ပြည်ကို ငြိမ်ချမ်းမှုမရှိအောင်လုပ်ဆောင်နေတယ်လို့မြင်မိတယ်။ ဘာမဟုတ်တဲ့ ပုဒ်မတွေတပ်ပြီး တရားစွဲခြင်းက ပရဟိတလုပ်ကိုင်သူတွေ တစ်နည်းနည်းနဲ့ ခြောက်လှန့်နေတာလို့တွေးတောသုံးသပ်မိတယ်" ဟု ၎င်းကဆိုသည်။

ကိုအောင်ဝင်းလှိုင်အား အပြစ်မရှိပါက အမြန်ပြန်လွှတ်ပေးစေလိုကြောင်း ဇနီးဖြစ်သူ မတွယ်တာစိုးကပြောသည်။

"အခုက ကိုဗစ်ကာလကလဲဖြစ်၊ အလုပ်အကိုင်ကလဲမရှိ မိန်းမသားတစ်ယောက်အနေနဲ့ အမျိုးမျိုးသောဒုက္ခတွေကိုဖြတ်ကျော်နေရတယ်။ အပြစ်မရှိဘူးဆိုရင် အမြန်ပြန်လွှတ်ပေးစေချင်တယ်" ဟု မတွယ်တာစိုးကဆိုသည်။

ကိုအောင်ဝင်းလှိုင်ဖမ်းဆီးခံရစဉ်က ၎င်းအပါအဝင် စုစုပေါင်း ၇ ဦးခန့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း လက်ရှိတွင် အခြားဖမ်းဆီးခံရသူများ၏ အခြေအနေ နှင့်ပတ်သက်ပြီး သတင်းအစအန တစ်စုံတစ်ရာ မရရှိသေးပေ။

ဗီဒီယိုများ