ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများအား ကူညီထောက်ပံ့ရေး အရှိန်မြှင့်ဆောင်ရွက်မည်ဟု အစိုးရဆို

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူများအား အစိုးရမှ လူသားချင်းစာနာထောက်ထားမှု အကူညီများ ပေးအပ်ရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၀ ရက်နေ့က ထုတ်ပြန်သည်။

21 Mar 2020

ခိုင်ရိုးလ | DMG
မတ်လ ၂၁၊ နေပြည်တော်

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူများအား အစိုးရမှ လူသားချင်းစာနာထောက်ထားမှု အကူညီများ ပေးအပ်ရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၀ ရက်နေ့က ထုတ်ပြန်သည်။

မကြာသေးမီက သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူညီများပေးအပ်ရေး အရှိန်ဟုန်မြှင့်တင် ဆောင်ရွက်သွားရန်နှင့် ရခိုင်ပြည်နယ်အတွင်း အကူအညီများပေးအပ်နေသည့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) အပါဝင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်များအား လုပ်ငန်းဆောင်ရွက်ခွင့်များ တိုးမြှင့်ပေးအပ်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

ယင်းကြောင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူညီများ ပိုမိုထိရောက်စွာ ပေးအပ်နိုင်ရေးအတွက် အသေးစိတ်အစီစဉ်များကို ကုလသမဂ္ဂနှင့် ICRC အဖွဲ့များနှင့် မကြာမီအတွင်း ဆွေနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ အစောပိုင်းမှ စတင်၍ တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများ ကြောင့် နေရပ်စွန့်ခွာသူ အများအပြားရှိနေသည်။ သူတို့မှာ နီးစပ်ရာစစ်ဘေးရှောင်စခန်းများတွင် နေရာထိုင်ခင်း၊ စားဝတ်နေရေး အခက်များစွာဖြင့် ခိုလှုံနေရသည်။

ရသေ့တောင်မြို့ ရွှေပါရမီစစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့် ဒေါ်စန်းယုက “လက်ရှိမှာ တာလပတ် မိုးထားတယ်ဆိုတော့ အခုက နေကအရမ်းပူတယ်။ နောက် မြေကြီးမှာ ကောက်ရိုးအခင်းတွေနဲ့နေရတယ်။ မကြာခင်မှာ မိုးတွင်းကာလ ရောက်တော့မယ်ဆိုတော့ အမိုးတွေအခင်းတွေ မရှိတဲ့အတွက် အဆောင်ဆောက်ပေးဖို့ အမိုးအကာတွေ၊ အခန်းတွေဆောက်ပေးဖို့လည်း လိုအပ်နေပါတယ်” ဟု ပြောသည်။

လက်ရှိတွင် စစ်ဘေးဒုက္ခသည်မျာများအတွက် စားဝတ်နေရေးအပြင် ကျေးရွာအတွင်း ပိတ်မိနေသူတို့ကိုလည်း အမြန်ဆုံး ထိထိရောက်ရောက် ကူညီပေးဖို့လိုအပ်ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်း ကဆိုသည်။

“အကူညီပေးဖို့ဆိုတဲ့ အပိုင်းကို အပြောမဟုတ်ဘဲနဲ့ အမြန်ဆုံး ထိထိရောက်ရောက် ဆောင်ရွက်သင့်တယ်။ နောက်ပြီးတော့ ကူညီပေးတာနဲ့အတူ covid- 19 ရောဂါအကြောင်းကိုလည်း ဘယ်လိုနေထိုင်ရမယ်ဆိုတဲ့ ပညာပေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်ပေးဖို့လိုအပ်ပါတယ် ” ဟု ၎င်းကဆိုသည်။

ယင်းအပြင် အစိုးရအနေဖြင့် အရပ်သားများကို အကာအကွယ်ပေးရေးနှင့် အရပ်သားများ ထိခိုက်သေကြေမှုများမှ ကာကွယ်တားဆီးရေးအတွက် လိုအပ်သည့် အစီမံများ အားလုံးကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုထားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲကြောင့် စစ်ဘေးရှောင် တစ်သိန်းနှစ် သောင်းကျော်အထိရှိလာကာ စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေသည်။

ဗီဒီယိုများ