ရခိုင်ပြည်နယ်တွင် ဘုန်တော်ကြီးသင်ပညာရေးကျောင်းများ၌ စာသင်ကြားသူများလာ

“တချို့ကတော့ အဲဒီနေရာမှာ ၈ တန်း၊ ၉ တန်း မရှိတာလည်းပါတယ်။ရွာတွေမှာ အထက်တန်းကျောင်းတွေ၊ အလယ်တန်းကျောင်းတွေမရှိဘူး။ အဲဒီတစ်ချက်ပါတယ်။ နောက်ပြီးတော့ ရွာတွေကလူတွေက ဆင်းရဲကြတယ်။ ဆင်းရဲကြတဲ့အခါ ဘောဒါဆောင်တွေမှာ၊ ကိုယ်ပိုင်ကျောင်းတွေမှာ မထားနိုင်ဘူး။ ကျုရှင်မတက်နိုင်ဘူး။ အဲဒီအခါ ဒီကျောင်းကိုလာကြတာများပါတယ်” 

08 Aug 2019

ကျော်သူဌေး | DMG

သြဂုတ်လ ၇၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ယခင်နှစ်များကထက် စာသင်ကြားသည့် ကျောင်းသား၊ကျောင်းသူများ များပြားလာကြောင်း ရခိုင်ပြည်နယ် ဘုန်းတော်ကြီးသင်ကျောင်းများအဖွဲ့ အတွင်းရေးမှူး ဆရာတော်ဦအရိယဝံသက မိန့်ကြားသည်။

ရခိုင်ပြည်နယ်မှာ ဆင်းရဲကျပ်တည်းသည့် ပြည်နယ် တစ်ခုဖြစ်သည့်အတွက် ဘ/ကကျောင်းများတွင် စာသင်ကြားသော ကျောင်းသား၊ကျောင်းသူများ များပြားလာပြီး ယခုနှစ်တွင် တိုက်ပွဲများကြောင့် ထွက်ပြေးလာကြသော ကျောင်းသား ၊ကျောင်းသူတစ်ချို့မှာ ဘ/ကကျောင်းများတွင် သင်ကြားလျက်ရှိ သည်ဟု ဦးအရိယဝံသက ဆိုသည်။

“တချို့ကတော့ အဲဒီနေရာမှာ ၈ တန်း၊ ၉ တန်း မရှိတာလည်းပါတယ်။ ရွာတွေမှာ အထက်တန်းကျောင်းတွေ၊ အလယ်တန်းကျောင်းတွေမရှိဘူး။ အဲဒီတစ်ချက်ပါတယ်။ နောက်ပြီးတော့ ရွာတွေကလူတွေက ဆင်းရဲကြတယ်။ ဆင်းရဲကြတဲ့အခါ ဘောဒါဆောင်တွေမှာ၊ ကိုယ်ပိုင်ကျောင်းတွေမှာ မထားနိုင်ဘူး။ ကျုရှင်မတက်နိုင်ဘူး။ အဲဒီအခါ ဒီကျောင်းကို လာကြတာများပါတယ်” ဟု ပြောသည်။

ဘ/ကကျောင်းများတွင် ပညာသင်ကြားပေးမည့် ဆရာ၊ဆရာမများအတွက် လစာအခက်အခဲများအပြင် တခြားသော အခက်အခဲများလည်း ရှိနေသည့်အတွက် ဝိုင်းဝန်ကူညီပေးရန် လိုအပ်သည်ဟုလည်း ဆရာတော်က မိန့်သည်။

“မှီခိုအားထားရာ ဒီရွှေစေတီဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့၊ တခြားဘကကျောင်းတွေရှိတယ်။ ဘကကျောင်းတွေမပျက်ဖို့အတွက်ဘဲ ပြည်သူလူထုတွေ၊ အလှူရှင်တွေ ဝိုင်းဝန်းပြီးတော့ပံ့ပိုးကြဖို့ပေါ့နော်။ ရေရှည်တစ်ခုသွားနိုင်အောင် စနစ်တစ်ခုနဲ့ဝိုင်းဝန်းပံ့ပိုးကြဖို့၊ အားပေးကြဖို့ပေါ့နော် အဓိကတော့ ဘုန်းဘုန်း ပြောချင်ပါတယ်”ဟုလည်း ဆိုသည်။

ရခိုင်ပြည်နယ်တွင် မူလတန်းဘ/ကကျောင်း ၅၃ ကျောင်း၊ မူလွန်ကျောင်း ၂၀ ၊ အလယ်တန်းကျောင်း ၉ ကျောင်းနှင့် တွဲဘက် အထက်တန်းကျောင်း ၁ ကျောင်းရှိသည်။

 

ဗီဒီယိုများ