စစ်တွေမြို့ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ကိုဗစ်ပိုးတွေ့ရှိ၍ အခြားစစ်ဘေးရှောင်စခန်းများ စိုးရိမ်နေကြ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ကိုဗစ် ၁၉ ပိုးတွေ့ရှိပြီးနောက် အခြား‌သော စစ်ဘေးရှောင်စခန်းများမှ စစ်ဘေးရှောင်တို့မှာ စိုးရိမ်နေကြကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

By မျိုးသီရိကျော် 10 Dec 2020

မျိုးသီရိကျော် | DMG
ဒီဇင်ဘာ ၁၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ကိုဗစ် ၁၉ ပိုးတွေ့ရှိပြီးနောက် အခြား‌သော စစ်ဘေးရှောင်စခန်းများမှ စစ်ဘေးရှောင်တို့မှာ စိုးရိမ်နေကြကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

စစ်ဘေးရှောင်ဒုက္ခသည်များ ခိုလှုံ‌‌နေကြ‌သော စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်ရှိ ဆုတောင်းပြည့် ဘုန်း‌တော်ကြီး‌ကျောင်းမှ ဆရာတော်တစ်ပါး၌ ကိုဗစ်ပိုးတွေ့ရှိခဲ့၍ ဒီဇင်ဘာ ၈ ရက်နေ့က ယင်းကျောင်းအား အသွားအလာ ကန့်သတ်ထားသည်။

ဆုတောင်းပြည့် စစ်ဘေးရှောင်စခန်းအား အသွားအလာကန့်သတ်ထားပြီးနောက် စစ်ဘေးရှောင် ၁၅၀ ကျော် အတွက် စားဝတ်နေရေး၊ သောက်သုံးရေ၊ နေရာထိုင်ခင်းအကျပ်အတည်း၊ ကျန်းမာရေးအပြင် အဝတ်အစား စသည်တို့အတွက် စိုးရိမ်မှုရှိကြောင်း ထိုဘုန်းတော်ကြီးကျောင်းမှ စာချပုဂ္ဂိုလ်အသျှင် အဂ္ဂပဏ္ဍိက DMG သို့ မိန့်ကြားသည်။

ယင်းသို့ မြို့ဆုတောင်းပြည့် စစ်ဘေးရှောင်စခန်းတွင် ပိုးတွေ့ရှိပြီးနောက် အခြားစစ်ဘေးရှောင်များမှာလည်း စစ်ဘေးရှောင်စခန်းအား အသွားအလာကန့်သတ်ခံရခြင်း၊ ကိုဗစ်ပိုးမကူးစက်စေရန် ဖြစ်နိုင်သလောက် ကျန်းမာရေးကာကွယ်မှုများ လုပ်ဆောင်နေကြောင်း ဝိဘဇ္ဇဝါဒီဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းမှ တာဝန်ရှိသူ ဦးမောင်တင်ဦးက ပြောသည်။

“ကျနော်တို့က အဲဒီလိုမျိုး စစ်ဘေးရှောင်စခန်း တစ်ခုလုံးကို lockdown ချခံရမှာကို စိုးရိမ်တယ်။ ဒါကြောင့် ကိုယ်တို့ဖက်က တတ်နိုင်သလောက် mask တပ်တာတော့၊ လက်ဆေးတာတော့ လုပ်ပါတယ်။ ကျန်းမာရေးလည်း တစ်ပတ်တစ်ကြိမ်လောက် ကျန်းမာရေးဝန်ထမ်းတွေ လာလုပ်ပေးတာတို့ရှိပါတယ်” ၎င်းက ဆက်၍ပြောသည်။

စစ်တွေမြို့တွင် စစ်ဘေးရှောင်စခန်း ၂၈ ခုရှိရာ လူဦးရေငါးထောင်ရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး(REC)မှ သိရသည်။ ထိုအထဲမှာ မိမိနေရပ်သို့ ပြန်သွားကြသူအချို့လည်း ရှိသည်။

ထို့အပြင် လူဦးရေ ၁၈၇ ဦးရှိသည့် စစ်တွေမြို့ နယ် ကျေးတောအုပ်စု ရွှေပြည်သာ‌ကျေးရွာရှိ စစ်ဘေးရှောင် စခန်းတွင် နာမကျန်းဖြစ်နေသူ ၁၀ ဦးခန့်ရှိနေ‌ကြောင်း ယင်းစခန်းသို့ စက်တင်ဘာလမှစတင်ကာ ကျန်းမာရေး စောင့်ရှောက်မှုပေးရန် တစ်ကြိမ်တစ်ခါမှ မရောက်ရှိသေးကြောင်း စခန်းမှတာဝန်ရှိသူ ကိုနေမျိုးထွန်းက ပြောသည်။

“တခြားစစ်ဘေးရှောင်စခန်းတွေမှာဆိုရင် ကျန်းမာရေးစောင့်ရှောင့်ပေးဖို့ တစ်ပတ်တစ်ကြိမ်ရောက်ကြပါတယ်။ ကျနော်တို့စစ်ဘေးရှောင်စခန်းကို မရောက်ဘူး။ ဆေးကုသဖို့ ပိုက်ဆံမရှိတာကြောင့် ကိုယ့်မှာရှိတဲ့‌ ရွှေတွေ ပေါင်ပြီး ဆေးကုသနေရပါတယ်။ ကိုဗစ်လည်းကြောက်ရ” ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်၌ အသွားအလာကန့်သတ်ခံထားရသော ဆုတောင်းပြည့်ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံး နေထိုင်လျှက်ရှိကြ‌သော ဦးဇင်း ၁၅ ပါးအတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)မှ ထောက်ပံ့လှူဒါန်း ထား‌ကြောင်း အသျှင်အဂ္ဂပဏ္ဍိထံမှ သိရသည်။

“လောလောဆယ်တော့ ဒီစခန်းမှာ ကျန်းမာရေး အကုန်လုံးကောင်းမွန်နေပါတယ်။ အထဲမှာလည်း NGO က ကျန်းမာရေးဝန်ထမ်းတွေ ရှိပါတယ်။ ဦးဇင်းတို့ အဓိကစိုးရိမ်တာက သူတို့ရဲ့စားဝတ်နေရေးကိုစိုးရိမ်တယ်” ဟု ဦဇင်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် ယခုအချိန်ထိ စစ်ဘေးရှောင် ဦးရေ တစ်သိန်းကိုးသောင်းလေးထောင်ကျော်ရှိသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၃၂ ဦးထိရှိကာ ဒီဇင်ဘာ ၈ ရက်နေ့အထိ ကိုဗစ် ၁၉ ပိုးတွေ့ လူနာ ၃၈၁၈ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၃၄၈၂ ဦးရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းများ အရသိရသည်။

ဗီဒီယိုများ