စစ်တွေမြို့ရှိ တန်းခိုးဘုန်းတော်ကြီးကျောင်းမှ သံဃာတစ်ပါးထံတွင် ကိုဗစ်ပိုးတွေ့ရှိ၍ ကျောင်းကို Lock Down ချထား

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘောင်းဒွတ်သားစုရပ်ကွက်ရှိ တန်းခိုးဘုန်းတော်ကြီးကျောင်းမှ သံဃာတစ်ပါးထံတွင် COVID-19 ရောဂါပိုးတွေ့ရှိပြီးနောက် ယနေ့ ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက သက်ဆိုင်ရာမှလာရောက်ပြီး Lock Down ချထားခဲ့ကြောင်း ကျောင်းထိုင်ဆရာတော် အရှင်ဇနိန္ဒက DMG သို့မိန့်သည်။

19 Jul 2021

DMG | ဇူလိုင် ၁၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘောင်းဒွတ်သားစုရပ်ကွက်ရှိ တန်းခိုးဘုန်းတော်ကြီးကျောင်းမှ သံဃာတစ်ပါးထံတွင် COVID-19 ရောဂါပိုးတွေ့ရှိပြီးနောက် ယနေ့ ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက သက်ဆိုင်ရာမှလာရောက်ပြီး Lock Down ချထားခဲ့ကြောင်း ကျောင်းထိုင်ဆရာတော် အရှင်ဇနိန္ဒက DMG သို့မိန့်သည်။

အဆိုပါဘုန်းတော်ကြီးကျောင်းမှ  သံဃာတစ်းပါးမှာ ဖျားနာ၍ ဆေးရုံတက်ရောက်ကုသစဉ် ကိုဗစ်ပိုးတွေ့ရှိရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျန်းမာရေးဝန်ထမ်းနှစ်ဦးတို့မှ လာရောက်လျှောက်ထားကာ ကျောင်းကို Lock Down ချထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျောင်းမှာ စာချနေတဲ့ ကျောင်းကလက်ထောက်ဆရာတော်က ဖျားလို့ ဆေးရုံတက်နေရတာရှိတယ်။ အဲ့ဒီဆရာတော်ကို စစ်ဆေးရှိတော့ ကိုဗစ်ပိုးတွေ့တာကြောင့် အခုလိုကျောင်းကို  Lock Down ချတာလို့ပြောတယ်”ဟု ဆရာတော်က မိန့်ကြားသည်။

တန်းခိုးဘုန်းတော်ကြီးကျောင်းတွင် သံဃာတော်နှင့် ဘုန်းကြီးကျောင်းသားဦးရေ စုစုပေါင်း ၃၀ ခန့်ရှိပြီး ယခုကဲ့သို့ အပြင်မထွက်ရ Lock Down ချထားသည့်အတွက် ဆွမ်းကိစ္စအခက်အခဲများရှိနေကြောင်း ကျောင်းထိုင်ဆရာတော်ထံမှ သိရသည်။

“တစ်ကျောင်းလုံးက ဆွမ်းခံစားနေကြတာဆိုတော့ အခုလို အပြင်မထွက်ရတော့ အခက်ကြုံရတာပေါ့။ သူတို့လာတုန်းကတောင် ပိုးတွေ့တဲ့ဆရာတော် သီတင်းသုံးတဲ့ကျောင်းဆောင်ကိုပဲ Lock Down ချလို့မရဘူးလားလို့မေးလိုက်သေးတယ်။ သူတို့ကမရဘူးလို့ပြောတယ်” ဟု ဆရာတော်က မိန့်သည်။

လက်ရှိတွင် ကျောင်းတွင်ရှိသည့် စားသောက်ဖွယ်ရာများကို ချက်ပြုတ်ကာ ဆရာတော်များအတွက် ဆွမ်းကိုဖြစ်သလိုစီစဉ်ပေးလိုက်ရကြောင်း အဆိုပါကျောင်းမှ ကျောင်းသားတစ်ဦးဖြစ်သူ ကိုမောင်လှိုင်ဝင်းကဆိုသည်။

“ဒီနေ့အတွက်တော့ ကျောင်းမှာရှိတာတွေနဲ့အဆင်ပြေအောင် ချက်ပြုတ်ပြီး ဆရာတော်တွေကို နေ့ဆွမ်းကပ်လိုက်ရတယ်။ နောက်နေ့တွေအတွက်တော့ ဘယ်လိုလုပ်ရမလဲမသိသေးဘူး” ဟု ၎င်းကရှင်းပြသည်။

Lock Down ချထားကြောင်း လာရောက်ပြောကြားစဉ်က ကျောင်းအတွင်းတွင် ရက်ပေါင်း ၁၀ ကျော်ခန့် နေထိုင်ရန်ကိုသာ ပြောကြားခဲ့ကြောင်း သိရသည်။

လက်ရှိရခိုင်ပြည်နယ်တွင် ကိုဗစ်ပိုးတွေ့လူနာတွေ့ရှိမှုနှင့် သေဆုံးသူဦးရေ တိုးလာနေကာ ဇူလိုင်လ ၁၈ ရက်နေ့အထိ ပိုးတွေ့သူဦးရေ ၁၄၃၆ ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ ၃၇၂ ဦးနှင့် သေဆုံးသူ ၄၁ ဦးအထိရှိလာနေပြီဖြစ်သည်။

ဗီဒီယိုများ