ယခုလနောက်ဆုံးပတ်တွင် ရခိုင်ဒေသသို့မုတ်သုံဝင်ရောက်နိုင်

ယခုမေလနောက်ဆုံးပတ်တွင် ရခိုင်ဒေသသို့ မုတ်သုံဝင်ရောက်နိုင်ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက DMG သို့ပြောသည်။

19 May 2022

၂၀၂၁ ခုနှစ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရခိုင်က စစ်ဘေးရှောင်စခန်းတစ်ခု ရေနစ်မြုပ်နေစဉ်။

DMG ၊ မေ ၁၉

ယခုမေလနောက်ဆုံးပတ်တွင် ရခိုင်ဒေသသို့ မုတ်သုံဝင်ရောက်နိုင်ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက DMG သို့ပြောသည်။

ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့က မြန်မာနိုင်ငံတောင်ပိုင်းဒေသသို့ မုတ်သုံစတင်ဝင်ရောက်ခဲ့ပြီး လာမည့်မေလ ၂၀ ရက်မတိုင်မီ မြစ်ဝကျွန်းပေါ်ဒေသများသို့ ဝင်ရောက်လာနိုင်သည်ဟု ၎င်းကဆိုသည်။

“ဒီနှစ်မှာ မုတ်သုံက တောင်ပိုင်းကိုဝင်တာနည်းနည်းစောတယ်ပြောလို့ရတယ်။ ဒါပေမယ့် တခါတလေကျရင် မြစ်ဝကျွန်းပေါ်ကနေ အလယ်ပိုင်းကိုဝင်တဲ့အခါ ကြန့်ကြာမှုတွေရှိနေတတ်တယ်။ ဒီတော့ မြစ်ဝကျွန်းပေါ်ကိုဝင်တဲ့အချိန်နဲ့ ထွက်တဲ့အချိန်ကလည်း ရခိုင်ဘက်ကို မုတ်သုံဝင်မယ့်အချိန်နဲ့ သက်ဆိုင်နေတယ်”ဟု ဦးလှထွန်းကပြောသည်။

လက်ရှိရခိုင်တွင်ရွာသွန်းနေသည့်မိုးများမှာ အနောက်တောင်ဘက်မှလာသည့် ရေခိုးရေငွေ့ပါသောလေများကြောင့် ရွာသွန်းနေခြင်းဖြစ်ပြီး မုတ်သုံဝင်ရောက်ခဲ့ပါက ပုံမှန်မိုးရွာသွန်းမှုများရှိမည်ဖြစ်ကြောင်းနှင့် မုတ်သုံဝင်ရောက်ပါကလည်း အစွန်းရောက်မိုးလေဝသဖြစ်စဉ်များကိုဂရုပြုရန်လိုကြောင်း မိုးဇလကသတိပေးထားသည်။

“မုတ်သုံဝင်ပြီဆိုရင် အခုနောက်ပိုင်းမှာ အစွန်းရောက်မိုးလေဝသဖြစ်စဉ်တွေက မကြာခဏဖြစ်လာတာကိုတွေ့ရတယ်။ ဥပမာပြောရရင် မိုးအလွန်အကျွံကြီးတာမျိုးပေါ့။ ရခိုင်မှာဆိုရင် ပြီးခဲ့တဲ့နှစ်က အစွန်းရောက်မိုးလေဝသဖြစ်စဉ်တွေကြောင့် သံတွဲမှာ ရေကြီးခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့သေးတယ်။ ဒါကြောင့် ဒါတွေကိုလည်းသတိထားဖို့လိုမယ်”ဟု ဦးလှထွန်းကရှင်းပြသည်။

မုတ်သုံဝင်ရောက်ပြီးပါက အစွန်းရောက်မိုးလေဝသဖြစ်စဉ်များနှင့်အတူ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းများ၏အရှိန်သက်ရောက်မှုများကို သတိထားရန်လိုအပ်ကြောင်း ၎င်းကဆက်ပြောသည်။

ရခိုင်ပြည်နယ်သည် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ခြောက်သောင်းခန့်ရှိနေသေးသည့်အတွက် မိုးရာသီရောက်ရှိပါက စစ်ဘေးရှောင်များအတွက် များစွာအခက်တွေ့နိုင်ကြောင်း စစ်ဘေရှောင်အရေးကူညီဆောင်ရွက်ပေးနေသူများက ဆိုသည်။

မြောက်ဦးမြို့နယ်မှ စစ်ဘေးရှောင်များအရေးကူညီဆောင်ရွက်ပေးနေသူ ကိုခိုင်မင်းသျှင်က “လက်ရှိမှာ စစ်ဘေးရှောင်စခန်းအားလုံးမှာ အမိုးအကာလုံလုံခြုံခြုံခိုင်ခိုင်မာမာမရှိသေးဘူး။ အချို့စခန်းတွေဆိုရင်လည်း အခုကတည်းက ရိက္ခာထောက်ပံ့မှုမရသေးဘူး။ ဒီမိုးတွင်းမှာ စစ်ဘေးရှောင်တွေအတွက် အများကြီးအခက်ခဲတွေရှိလာနိုင်ပါတယ်”ဟု ပြောဆိုသည်။

ရခိုင်ပြည်နယ်သည် မိုးများသည့်ဒေသတစ်ခုဖြစ်ပြီး နှစ်စဉ်လေပြင်းတိုက်ခတ်မှု၊ မိုးသည်းထန်စွာရွာသွန်းမှုတို့နှင့်အတူ ရေကြီးရေလျှံမှုတို့ ဖြစ်ပေါ်လေ့ရှိသည်။

ဗီဒီယိုများ