ဖမ်းဆီးခံထားရသည့် ဆန်စက်ပိုင်ရှင်၏ မိသားစုဝင်များက ပြည်နယ်ဝန်ကြီးချုပ်ထံ သွားရောက် အကူအညီတောင်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှ ဆန်စက်ပိုင်ရှင်တစ်ဦးကို တပ်မတော်က ဖမ်းဆီး ထားခြင်းနှင့်ပတ်သက်ပြီး ယနေ့(စက်တင်ဘာလ ၂ ရက်)နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် သွားရောက်တွေ့ဆုံပြီး အကူအညီတောင်းခံခဲ့ကြောင်း ဖမ်းဆီးခံရသူ၏ မိသားစုဝင်များကပြောသည်။

By အောင်ထိန် 02 Sep 2020

အောင်ထိန် | DMG
စက်တင်ဘာ ၂ ၊ ပုဏ္ဏားကျွန်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှ ဆန်စက်ပိုင်ရှင်တစ်ဦးကို တပ်မတော်က ဖမ်းဆီး ထားခြင်းနှင့်ပတ်သက်ပြီး ယနေ့(စက်တင်ဘာလ ၂ ရက်)နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် သွားရောက်တွေ့ဆုံပြီး အကူအညီတောင်းခံခဲ့ကြောင်း ဖမ်းဆီးခံရသူ၏ မိသားစုဝင်များကပြောသည်။

ဖမ်းဆီးခံထားရသူ ဦးရဲကျော်ထွန်းကို လက်ရှိ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို တစ်စုံတရာ မသိရ သဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

ယနေ့ဝန်ကြီးချုပ်နှင့်တွေ့ဆုံစဉ် ဦးရဲကျော်ထွန်းမှာ အပြစ်မရှိကြောင်းနှင့် သိမ်းဆည်းခံရသည့် ဆန်အိတ်များ မှာလည်း စစ်တွေမြို့ရှိဆန်ပွဲရုံများသို့ တင်ပို့ရောင်းချရန်ထားရှိသည့် ဆန်အိတ်များသာဖြစ်သည်ကို တင်ပြ ခဲ့သည်ဟု ညီမဖြစ်သူ ဒေါ်မူမူခိုင်က ပြောသည်။

“ဝန်ကြီးချုပ်က တပ်မတော်ဘက်ကို ကျွန်မတို့ရှေ့မှာဘဲဖုန်းဆက်တယ်။ မိသားစုတွေရောက်နေတယ်လို့ ပြောတယ်။ ကျွန်မတို့ပြောပြထားတဲ့ အကြောင်းတွေကို တပ်မတော်ဘက်ကိုရှင်းပြတယ်။ ပြီးတော့ ဖမ်းဆီးထားတဲ့ သူကို ပြည်ထဲရဲဘက်ကို လွှဲပေးစေချင်တယ်လို့ ဝန်ကြီးချုပ်ကပြောတယ်။ တပ်မတော်ဘက်ကတော့ စစ်ဆေး နေတယ်လောက်ပဲ ပြောတယ်” ဟု ဒေါ်မူမူခိုင်ကဆိုသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှ ဦးရဲကျော်ထွန်းကိစ္စနှင့်ပတ်သက်၍ တတ်နိုင်သမျှဆောင်ရွက်ပေးမည်ဟုပြောကြား ကြောင်းလည်း ၎င်းကဆက်ပြောသည်။

သြဂုတ်လ ၃၁ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာအတွင်းရှိ နေအိမ်များနှင့် ဆန်စက်ရုံများကို တပ်မတော်က ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် ဦးရဲကျော်ထွန်းပိုင်ဆိုင်သည့် ဆန်စက်ရုံ၌ ဆန်အိတ်များတွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင် များက ပြောသည်။

ဦးရဲကျော်ထွန်း၏နေအိမ်၌ အေအေအဖွဲ့ရိက္ခာအတွက် သိုလှောင်ထားသည့် ဆန်အိတ် ၈၀ အား သိမ်းဆည်း ရမိခဲ့သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းသို့တပ်မတော်ထုတ်ပြန်ချက်အပေါ် မိသားစုဝင်များက ငြင်းဆိုပြီး မတရားစွပ်စွဲခံရခြင်းသာဖြစ်ကြောင်း ပြောသည်။

“အဲဒါက လုံးဝမဟုတ်ဘူး။ ကိုယ်ပိုင်ဆန် အစစ်ပါ။ ဒါက မတရားစွပ်စွဲခံရတာဖြစ်တယ်။ နယ်ဘက်တွေမှာက အိမ်တိုင်းလိုလို စပါးတွေအများကြီး သိုလှောင်ထားကြတယ်။ ဒီအချိန်ဆို ဆန်ထိုးပြီးရောင်းနေကျ။ ပြီးတော့ ဒီတစ်ကြိမ်တည်း ရောင်းနေတဲ့ဆန် မဟုတ်ဘူး၊ အရင်လည်းရောင်းနေကျ။ ကျွန်မအစ်ကိုကို နှိပ်စက်မှာကိုလည်း စိုးရိမ်တယ်” ဟု ဦးရဲကျော်ထွန်း၏ညီမ ဒေါ်မူမူခိုင်ကပြောသည်။

ထို့ပြင် စပါးထားကျေးရွာအုပ်ချုပ်ရေးမှူးအားလည်း ယမန်နေ့(စက်တင်ဘာလ ၁ ရက်)တွင် တပ်မတော်က ခေါ်ယူစစ်ဆေးပြီး ယနေ့ပြန်လည်လွှတ်ပေးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိရခိုင်ပြည်နယ်အတွင်း COVID-19 ပိုးတွေ့လူနာများ တဖြည်းဖြည်းများလာနေသဖြင့် ပြည်သူများ စိုးရိမ်လျက်ရှိနေပြီး တစ်ဖက်မှာလည်း တိုက်ပွဲများရပ်တန့်မှုမရှိသဖြင့် အရပ်သားထိခိုက်သေဆုံးမှုများအပြင် သံသယနှင့်ဖမ်းဆီးခံမှုများမှာလည်း ဆက်လက်ရှိနေဆဲဖြစ်သည်။

ဗီဒီယိုများ