ရွှေပြည်တန်အမြန်ယာဉ်ခရီးစဉ်အားလုံးကို ပုံမှန်ဈေးထက် ၂၀ ရာခိုင်နှုန်း ပိုမိုကောက်ခံပြေးဆွဲသွားမည်

ကိုဗစ်ကပ်ရောဂါကူးစက်မှုအခြေအနေကြောင့် ယာယီရပ်နားထားခဲ့ရသည့် ရွှေပြည်တန်အမြန်ရေယာဉ်ခရီးစဉ်အားလုံးကို စက်တင်ဘာလ ၂၀ ရက်နေ့စ၍ ပြေးဆွဲသွားမည်ဖြစ်ကာ ပုံမှန်ဈေးထက် ၂၀ ရာခိုင်နှုန်း ပိုမိုကောက်ခံသွားမည်ဖြစ်ကြောင်း ရွှေပြည်တန်ရေယာဉ်လိုင်း တာဝန်ရှိသူထံမှ သိရသည်။

18 Sep 2021

DMG ၊ စက်တင်ဘာ ၁၈

ကိုဗစ်ကပ်ရောဂါကူးစက်မှုအခြေအနေကြောင့် ယာယီရပ်နားထားခဲ့ရသည့် ရွှေပြည်တန်အမြန်ရေယာဉ်ခရီးစဉ်အားလုံးကို စက်တင်ဘာလ ၂၀ ရက်နေ့စ၍ ပြေးဆွဲသွားမည်ဖြစ်ကာ ပုံမှန်ဈေးထက် ၂၀ ရာခိုင်နှုန်း ပိုမိုကောက်ခံသွားမည်ဖြစ်ကြောင်း ရွှေပြည်တန်ရေယာဉ်လိုင်း တာဝန်ရှိသူထံမှ သိရသည်။

ရွှေပြည်တန်၊ မလိခ၊ ပေါက်တောတံခွန် စသည့်ရေယာဉ်လိုင်းများမှာ ကိုဗစ်ရောဂါထိန်းချုပ်ကာကွယ်ရန်အတွက် ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့မှစတင်ကာ ရက်အကန့်အသတ်မရှိ ယာယီရပ်နားထားခဲ့သည်။

လက်ရှိမှာ ကိုဗစ်ကူးစက်မှု ကျဆင်းလာသဖြင့် ရေယာဉ်လိုင်းကိုပုံမှန်အတိုင်းပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရွှေပြည်တန်အမြန်ရေယာဉ်လိုင်း မန်နေဂျာ ဦးစံမော်သိန်းကပြောသည်။

“ကျနော်တို့ခရီးစဉ်တွေအားလုံးကို တနင်္ဂလာနေ့စပြီးတော့ ပြေးဆွဲမယ်။ ပြေးဆွဲမယ်ဆိုတော့ စက်သုံးဆီဈေးနှုန်းတွေ တက်နေတဲ့အတွက် ရေယာဉ်စီးခတွေကို ပုံမှန်ထက်ဈေးနှုန်း ၂၀ ရာခိုင်နှုန်းလောက်တင်ထားတယ်။ ခရီးစဉ်အားလုံးကိုပေါ့” ဟု ဦးစံမော်သိန်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဒေါ်လာဈေးနှင့် ရွှေဈေးများ မြင့်တက်လာပြီးနောက် စက်သုံးဆီဈေးနှုန်းများမှာလည်း ဈေးမြင့်တက်လျက်ရှိနေသည်။

ထိုသို့ပြန်လည်ပြေးဆွဲမည့် ရွှေပြန်တန်အမြန်ရေယာဉ်များသည် ကိုဗစ်စည်းကမ်းနှင့်အညီ တစ်ခုံခြားစနစ်ဖြင့်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့က ခရီးသည်တွေကို အတတ်နိုင်ဆုံးတော့ အဆင်ပြေအောင်လုပ်ပေးတာဖြစ်တယ်။ အဓိကတော့ ဈေးနှုန်းတင်ထားတယ်ဆိုတာက အမြန်ရေယာဉ်ဆီဖိုးနဲ့ ဝန်ထမ်းတွေအတွက် လစာလည်ပတ်ရုံလောက်ပါ”ဟု ဦးစံမောင်သိန်းက ပြောသည်။

ယခုပြန်လည်ပြေးဆွဲမည့် ရွှေပြည်တန်အမြန်ရေယာဉ်လိုင်း ခရီးစဉ်များမှာ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်၊ စစ်တွေ-ကျောက်ဖြူ-ကျောက်နီမော်-ရမ်းဗြဲ-တောင်ရှည်၊ စစ်တွေ-တောင်ကုတ်-မာန်အောင်၊ စစ်တွေ-မြေပုံတို့ဖြစ်သည်။

ရွှေပြည်တန်အမြန်ရေယာဉ်မှာ ပြီးခဲ့သည့်သြဂုတ်လ ၂၄ ရက်နေ့က ခရီးတိုရေလမ်းကြောင်းများဖြစ်ကြသည့် စစ်တွေ-ပေါက်တော၊ စစ်တွေ-မြောက်ဦး၊ စစ်တွေ-မင်းပြား စသည့်ခရီးစဉ်သုံးခုကို စတင်ပြေးဆွဲခဲ့သည်။

ရခိုင်ပြည်အတွင်း ပြေးဆွဲလျှက်ရှိသည့်အမြန်ရေယာဉ်များမှာ ရွှေပြည်တန်၊ မလိခ၊ ပေါက်တောတံခွန်၊ အဉ္စနနဒီ၊ ရွှေလင်းယုန် စသည့်အမြန်ရေယာဉ်တို့ဖြစ်ကြသည်။

ဗီဒီယိုများ