စစ်လက်နက်ပစ္စည်းအကြွင်းအကျန်များကြောင့် ရခိုင်မှာ ထိခိုက်သေဆုံးမှု မြင့်မားလာ

ဇွန်လ ၄ ရက်နေ့ နံနက် ၁ နာရီက ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့မှာ စစ်လက်နက်ပစ္စည်းအကြွင်းအကျန် ပေါက်ကွဲမှုကြောင့် အရပ်သားလေးဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပုဏ္ဏားကျွန်းမြို့မရဲစခန်း တာဝန်ရှိသူများထံမှ သိရသည်။

09 Jun 2021

DMG | ဇွန် ၉  

ဇွန်လ ၄ ရက်နေ့ နံနက် ၁ နာရီက ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့မှာ စစ်လက်နက်ပစ္စည်းအကြွင်းအကျန် ပေါက်ကွဲမှုကြောင့် အရပ်သားလေးဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပုဏ္ဏားကျွန်းမြို့မရဲစခန်း တာဝန်ရှိသူများထံမှ သိရသည်။

၎င်းတို့လေးဦးမှာ ညနေဘက် ဖားရှာရာမှရရှိလာသည့် စစ်ကျန်ပေါက်ကွဲပစ္စည်း (အမျိုးအစားမသိရ) ကို ယူဆောင်လာပြီး နံနက် တစ်နာရီတွင် ဖားကိုမီးဖုတ်ကြစဉ် မီးဖိုအနီး ယင်းပေါက်ကွဲပစ္စည်းအား ထားရာကနေ အပူလွန်ကဲပြီး ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။

အခင်းဖြစ်ပွားခဲ့သည့်နေရာတွင် မီးကင်ထားသော ဖားအသေများနှင့် ဗုံးသီးအစအနများလည်း တွေ့ရကြောင်း ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှူး ဦးဝင်းကိုကိုက ပြောသည်။

“ဒဏ်ရာတွေက ခြေထောက်တွေစုတ်ပြတ်နေတယ်။ လက်တွေ စုတ်ပြတ်နေတယ်။ တချို့က မျက်နှာတွေ ထိခိုက်ဒဏ်ရာတွေ ရတာပေါ့။ အဲလိုဖြစ်ပြီးတော့ လူလေးယောက်သေနေတာတွေ့တယ်။ နောက် သူတို့ရဲ့ အနားမှာဘာတွေ့လဲဆိုလို့ရှိရင် ငါးရှာ၊ ဖားရှာပေါ့၊ ပလိုင်းတွေတွေ့တယ်။ ဖားအသေတွေ တွေ့တယ်။ နောက်ပြီးလို့ရှိရင် တောကြောင်တစ်ကောင် မီးကင်ထားတာတွေ့တယ်။ ဗုံးပေါ့၊ ဗုံးဆံအစအနလေးတွေ နည်းနည်းတွေ့တယ်။ အများကြီးတော့မတွေ့ဘူး။ ခဲယမ်းဘာအမျိုးအစားမှန်း ခန့်မှန်းရဖို့ အနေအထားမျိုး မရဘူး” ဟု ပြောသည်။

အခင်းဖြစ်ပွားချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသည့်အတွက် သေမှုသေခင်းစာရင်းနှင့် အမှုဖွင့်လှစ်ထားကြောင်း ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှူး ဦးဝင်းကိုကိုက ပြောသည်။

စစ်လက်နက်ပစ္စည်း အကြွင်းအကျန်များကြောင့် ထိခိုက်မှု၊ သေဆုံးမှုမှာ ရခိုင်ပြည်တွင် များပြားလာနေသည်။ ၂၀၂၁ မတ်လမှ ၂၀၂၁ မေလအတွင်း စစ်လက်နက်ပစ္စည်းအကြွင်းအကျန်များ ပေါက်ကွဲမှုဖြစ်စဉ်မှာ ၁၀ ခုထက်မနည်းဖြစ်ခဲ့ကြောင်း၊ အဆိုပါပေါက်ကွဲမှုများတွင် ကလေးသူငယ်အပါအဝင် လူ ၁၀ ကျော် ထိခိုက်ခဲ့ပြီး ဒဏ်ရာပြင်းထန်စွာရရှိသူများနှင့် သေဆုံးသူများရှိခဲ့သည်။

ယင်းကဲ့သို့ ပေါက်ကွဲမှု အဖြစ်များလာခြင်းမှာ စစ်လက်နက်ပစ္စည်းအကြွင်းအကျန်များကို ကောက်ယူသိမ်းဆဲထားရာကနေ များလာခြင်းဖြစ်ပြီး ရခိုင်ပြည်မှာ မိုင်းအသိပညာအားနည်း၍ဟု မိုင်းအသိပညာပေးလုပ်ကိုင်နေသူများက ပြောသည်။

ရခိုင်ပြည်အတွင်း မိုင်းအသိပညာပေးလုပ်ငန်းကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီ (ICRC) နှင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) တို့က အဓိက ဆောင်ရွက်နေကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် မြို့နယ်များအပါအဝင် မြို့နယ် ၉ ခုတွင် REC မှ မိုင်းအသိပညာပေးလုပ်ငန်းများကို မျှဝေပေးနေသော်လည်း ဒေသခံများမှာ စိတ်ဝင်စားမှုအလွန်အားနည်းကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး ဥက္ကဌ ဦးရွှေဘော်စိန်က ပြောသည်။

“စစ်လက်နက်ကျန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုတွေက ရှင်းရှင်းလင်းလင်းသိအောင် ကျနော်တို့က ပညာပေးလုပ်ငန်း ဆောင်ရွက်နေပေမယ့် တချို့သူတွေက စိတ်ဝင်စားမှု တော်တော်အားနည်းတာကို တွေ့ရတယ်။ ကျနော်တို့ ပထမဆုံး ကျေးရွာအုပ်ချုပ်ရေးမှူးကို သွားညှိတယ်။ တချို့အုပ်ချုပ်ရေးမှူးတွေက ဒီစစ်ကျန်လက်နက်တွေ၊ မိုင်းတွေကို အသိပညာပေးစရာမလိုတော့ဘူး တပ်မတော်ကလည်း မိုင်းရှင်းလင်းရေးတွေ လုပ်သွားပြီးပြီ၊ ဒီဖက်လက်နက်ကိုင်အဖွဲ့ကလည်း သူ့ဟာနဲ့သူ လုပ်ထားပြီးပြီလို့ ပြောတယ်” ဟု ပြောသည်။

မည်သည့် စစ်လက်နက်ပစ္စည်းကိုမဆို၊ မည်သည့်စက်လက်နက်ပစ္စည်းအကြွင်းအကျန်ကိုမဆို ကောက်ယူခြင်း၊ သိမ်းဆဲထားခြင်းမပြုလုပ်ကြရန်၊ တွေ့ရှိသည့်နေရာတွင် ထားရှိရေး၊ အခြားသူများကိုလည်း ကာကွယ်နိုင်ရန် အန္တရာယ်ရှိသည်ဟု အမှတ်အသားပုံစံ ပြုလုပ်ထားကြရန်နှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများသို့ ချက်ချင်းတိုင်ကြားကြရန် ICRC ၏ မိုင်းအသိပညာဗီဒီယိုဖိုင်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ အပစ်အခတ်ရပ်ဆိုင်းနေသည်မှာ ရှစ်လနီးပါးရှိလာနေသော်လည်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် အမ်းမြို့နယ်တို့တွင် မိုင်းနှင့် စစ်လက်ကျန်ပစ္စည်းများ ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရမှု မကြာခဏဆိုသလို ဖြစ်ပွားနေသည်။

REC ၏ ၂၀၂၀ စာရင်းအရ တိုက်ပွဲ ၂ နှစ်တာကာလတွင် မိုင်းထိမှန်မှုနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၃၃ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၆၆ ဦး အထိရှိသည်။

ဗီဒီယိုများ