စစ်တွေတွင် ကုန်တင်ယာဉ်ကြီးများကို ရွှေပြည်သာကားကြီးဝင်းသို့ ယာယီပြောင်းရွှေ့ထား

စစ်တွေမြို့တွင် ကုန်တင်ယာဉ်ကြီးများကို ရွှေပြည်သာရပ်ကွက်ရှိ တည်ဆောက်ဆဲ ရွှေပြည်သာကားကြီးဝင်းသို့ ယာယီပြောင်းရွှေ့ထားကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက DMG သို့ ပြောသည်။

03 Jun 2021

ဓါတ်ပုံ - U San Myat Shwe

DMG | ဇွန် ၃

စစ်တွေမြို့တွင် ကုန်တင်ယာဉ်ကြီးများကို ရွှေပြည်သာရပ်ကွက်ရှိ တည်ဆောက်ဆဲ ရွှေပြည်သာကားကြီးဝင်းသို့ ယာယီပြောင်းရွှေ့ထားကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက DMG သို့ ပြောသည်။

အဆိုပါ ကုန်တင်ယာဉ် (ကားကြီး) များမှာ ယခင်က ရန်ကုန်-စစ်တွေကားလမ်းမကြီးဖြစ်သည့် ကန်တော်ကြီးရပ်ကွက်ရှိ ကားလမ်းမတစ်လျောက်မှစ၍ စစ်တွေမြို့အဝင်ဆိုင်းဘုတ်အထိ လမ်းဘေးဝဲယာများတွင် ရပ်နားခဲ့ကြပြီး ထိုသို့ ရပ်နားထားသည့်အတွက် ယာဉ်အန္တရာယ်စိုးရိမ်ရမှု၊ အမှိုက်များလာမှုနှင့် မလိုလားအပ်သည့်ဒုစရိုက်မှုများ ပေါများလာခြင်းတို့ကြောင့် ယခုကဲ့သို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်ကြောင်း သူကဆိုသည်။

“ဒီလိုဖြစ်စဉ်တွေ ရှိလာတာကြောင့် ဒီကားကြီးတွေကို စစ်တွေရွှေပြည်သာမှာ ဆောက်နေတဲ့ Commercial Park ထဲက ကားကြီးဝင်းအဖြစ်လုပ်မယ့်နေရာကို ယာယီရွှေ့ပြောင်းထားခဲ့တာဖြစ်တယ်” ဟု ဦးသန်းထွန်းက ပြောသည်။

အဆိုပါနေရာမှာ တည်ဆောက်မှု မပြီးသေး၍ ပြည်နယ်အစိုးရထံသို့ လွှဲပြောင်းခြင်း မပြုလုပ်ရသည့်အတွက် ယာယီပြောင်းရွှေ့သည်ဟု သုံးနှုန်းခြင်းဖြစ်ကြောင်း သူကရှင်းပြသည်။

“ကျွန်တော်တို့ကတော့ အများပြည်သူ အဆင်ပြေဖို့အတွက် အခုလိုပြောင်းရွှေ့ပေးခဲ့တာဖြစ်တယ်။ လက်ရှိမှာတော့ ၄၅ ရက် ယာယီပြောင်းရွှေ့တယ်ဆိုပေမယ့် ကျွန်တော်တို့ကတော့ လိုအပ်ရင်လိုအပ်သလို ထပ်ပြီး ညှိနှိုင်းဆောင်ရွက်သွားမှာပါ” ဟု ၎င်းကဆိုသည်။

ကုန်တင်ယာဉ်ကြီးများမှာ ကန်တော်ကြီးရပ်ကွက်တွင် ရပ်နားထားခဲ့ကြစဉ်က လမ်းဧရိယာကျဉ်းမြောင်းခြင်း၊ ညဘက်ဆိုလျှင် သောက်စားပြီး ဆူညံစွာ ရန်ဖြစ်ကြခြင်းတို့ ရှိနေသည့်အတွက် ယခုကဲ့သို့ နေရာပြောင်းရွှေ့ခြင်းအပေါ် ဝမ်းသာမိကြောင်း မေယုလမ်းမကြီးနံဘေးတွင် နေထိုင်သည့် အမည်မဖော်လိုသူတစ်ဦးကဆိုသည်။

“သူတို့က ကားတွေကို လမ်းမှာ ရပ်ထားကြတော့ ကျွန်မတို့ အိမ်ရှေ့မှာ ပိတ်ထားရပ်ထားသလိုဖြစ်တယ်။ ကျွန်မတို့က ဆိုင်ဖွင့်ထားတော့ ဆိုင်ကယ်တွေရပ်ဖို့ နေရာအခက်အခဲရှိရင် သူတို့ကိုဖယ်ပေးဖို့သွားပြောတဲ့အခါ အချို့က အေးအေးဆေးဆေးပြောကြပေမယ့် အချို့က ရုန်းရင်းကြမ်းတမ်းစွာ ပြောဆိုတာမျိုးတွေရှိခဲ့တယ်”ဟု သူကဆိုသည်။

လက်ရှိတွင် ယခင်က ကုန်တင်ယာဉ်များရပ်နားထားခဲ့သည့် နေရာများတွင် ကုန်တင်ယာဉ်ကြီးများ မရပ်ရဟူသည့် ဆိုင်းဘုတ် အချို့ကို လမ်းဦးစီးဌာနမှ ထောင်ထားပြီး ရပ်တန့်သည့်ယာဉ်များကို ဒဏ်ငွေငါးသောင်းကျပ် ချမှတ်လေ့ရှိကြောင်း သိရသည်။

စစ်တွေမြို့တွင် ခရီးသည်တင်ကားကြီး၊ ကားငယ်များ လက်ရှိ ရပ်နားကြသည့်နေရာမှာ မင်းဂံရပ်ကွက်၏ အထွက်ရှေ့ရှိ အာကျိတ်တော်ကုန်းအောက်နေရာတွင် အဝေးပြေးကားဂိတ်၌ ရပ်ကြသည်။

သို့သော်လည်း ယင်း အဝေးပြေးကားဂိတ်တွင် ကားအစီးရေများလာသည့်အတွက် နေရာမဆန့်တော့၍ ကုန်တင်ကားများမှာ ကားရပ်မည့်နေရာ အခက်အခဲဖြစ်နေသောကြောင့် ယခုလို အဆင်ပြေသည့်နေရာများတွင် ရပ်ရာကနေ ရွှေပြည်သာကားကြီးဝင်းသို့ ပြောင်းရွှေ့ထားခြင်းဖြစ်သည်။

ဗီဒီယိုများ