မြေပုံမြို့နယ် ရွာသာယာကျေးရွာမှ ညီအစ်ကိုနှစ်ဦး ပျောက်ဆုံးနေမှု ၈ ရက် ကြာသည့်တိုင် သတင်းအစအန မရရှိသေး

“ကျနော့် ညီနှစ်ယောက် ပျောက်သွားတာ ၈ ရက်နေ့ကတည်းကပါ။ အဲဒီနေ့ ၁၁ နာရီလောက်ကတည်းက ကျွဲရှာဖို့ ထွက်သွားတာ။ ဒီနေ့အထိ ရှာမတွေ့သေးဘူး၊ အဆက်သွယ်လည်း မရဘူး” ဟု ပျောက်ဆုံးနေသူ နှစ်ဦး၏ အစ်ကိုဖြစ်သူ ဦးသိန်းအောင်က ပြောသည်။

By ဝင်းညွန့် 16 Oct 2019

ပျောက်ဆုံးသွားသူ နှစ်ဦးထဲမှ ညီဖြစ်သူ ကိုမောင်ဌေးဝင်း၏ မှတ်ပုံတင် မိတ္တူ

ဝင်းညွန့် | DMG

အောက်တိုဘာ ၁၆ ၊ မြေပုံ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ရွာသာယာကျေးရွာမှ အောက်တိုဘာလ ၈ ရက်နေ့က ကျွဲရှာသွားစဉ် ပျောက်ဆုံးသွားသည့် ညီအစ်ကိုနှစ်ဦး၏သတင်းကို ၈ ရက်ကြာသည့်တိုင် အစအနတစ်ခုမျှ ရှာမတွေ့ သေးကြောင်း မိသားစုဝင်များက ပြောသည်။

ထိုသို့ ပျောက်ဆုံးသွားသည့် ညီအစ်ကိုနှစ်ဦးမှာ ကိုမောင်ဝင်းဌေး ၂၈ နှစ်နှင့် ကိုမောင်ဌေးဝင်း ၂၆ နှစ်တို့ ဖြစ်ကြပြီး အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီခန့်က ကျွဲရှာရန်အတွက် ရွာ၏အရှေ့ဘက် ၃ မိုင်ခန့် ဝေးသည့် တောအုပ်သို့ ထွက်သွားစဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

“ကျနော့် ညီနှစ်ယောက် ပျောက်သွားတာ ၈ ရက်နေ့ကတည်းကပါ။ အဲဒီနေ့ ၁၁ နာရီလောက်ကတည်းက ကျွဲရှာဖို့ ထွက်သွားတာ။ ဒီနေ့အထိ ရှာမတွေ့သေးဘူး၊ အဆက်သွယ်လည်း မရဘူး” ဟု ပျောက်ဆုံးနေသူ နှစ်ဦး၏ အစ်ကိုဖြစ်သူ ဦးသိန်းအောင်က ပြောသည်။

အဆိုပါ ရွာသာယာကျေးရွာအနီးတစ်ဝိုက်တွင် တပ်မတော်စစ်ကြောင်းနှင့် အေအေတပ်ဖွဲ့တို့မှ လှုပ်ရှား သွားလာမှုများရှိသဖြင့် ပျောက်ဆုံးနေသည့်ညီအစ်ကိုနှစ်ဦးနှင့်ပတ်သက်၍ မိသားစုဝင်များမှ လက်နက်ကိုင် အဖွဲ့များကို သံသယရှိနေသည်။

သို့သော်လည်း တပ်မတော်နှင့် အေအေတို့မှ ပျောက်ဆုံးနေသူနှစ်ဦးနှင့်ပတ်သက်ပြီး ထုတ်ပြန်ပြောဆိုခြင်းများ မရှိသေးပေ။

ဗီဒီယိုများ