မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များ ဘာကြောင့်အစုလိုက် နှုတ်ထွက်ကြသလဲ

တပ်မတော်မှအာဏာသိမ်းပြီးနောက်ပိုင်း သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး ကန့်သတ်ချုပ်ချယ်မှုများ၊ ဥပဒေ ပြင်ဆင်ပြဋ္ဌာန်းလာခြင်းများနှင့် သတင်းသမားများဖမ်းဆီးခံရခြင်း၊ ထိန်းသိမ်းခံရခြင်း၊ ရိုက်နှက်ခံရခြင်းများ ရှိသည့်အတွက် နှုတ်ထွက်ရခြင်းဖြစ်ကြောင်း သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး(၁) တာဝန်မှ နှုတ်ထွက်လိုက်သည့် ဦးမြင့်ကျော်ကပြောသည်။

18 Feb 2021

DMG | ဖေဖော်ဝါရီလ ၁၈

တပ်မတော်မှအာဏာသိမ်းပြီးနောက်ပိုင်း သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး ကန့်သတ်ချုပ်ချယ်မှုများ၊ ဥပဒေ ပြင်ဆင်ပြဋ္ဌာန်းလာခြင်းများနှင့် သတင်းသမားများဖမ်းဆီးခံရခြင်း၊ ထိန်းသိမ်းခံရခြင်း၊ ရိုက်နှက်ခံရခြင်းများ ရှိသည့်အတွက် နှုတ်ထွက်ရခြင်းဖြစ်ကြောင်း သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး(၁) တာဝန်မှ နှုတ်ထွက်လိုက်သည့် ဦးမြင့်ကျော်ကပြောသည်။

“သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးတော့ ကန့်သတ်ချုပ်ချယ်မှုတွေ၊ ပြင်ဆင်တာတွေ၊ ပြဋ္ဌာန်းတာတွေ ရှိလာတယ်။ နောက်တစ်ခုကတော့ သတင်းသမားတွေအဖမ်းခံရတယ်။ ထိန်းသိမ်းခံရတယ်။ နောက်ရိုက်နှက် ခံရတဲ့ကိစ္စတွေရှိတယ်” ဟု ဦးမြင့်ကျော်က ဆိုသည်။

ယင်းသို့ သတင်းသမားများ ဖမ်းဆီးရိုက်နှက်ခံရသည့်ကိစ္စများကို ဖြေရှင်းကာကွယ်ပေးရန် အခက်အခဲများ ရှိနေပြီး ကန့်သတ်ထားသည့်ဥပဒေများဖြင့် သတင်းသမားများကိုအရေးယူလာမည်ဆိုပါက ကောင်စီအနေဖြင့် ကာကွယ်ပေးရန်မလွယ်ကူတော့ကြောင်း ၎င်းကဆက်ပြောသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ နှုတ်ထွက်လိုက်သူများမှာ ဦးမြင့်ကျော်၊ ဦးဇေယျာလှိုင်၊ ဦးချစ်ဝင်းမောင်၊ ဦးကျော်မြင့်ဆွေ၊ ဦးခိုင်မြတ်ကျော်၊ ဦးကိုကို၊ ဦးမော်လင်း၊ ဦးပိုင်ဖြိုးဦး၊ ဒေါ်ဝေမာသိမ့်၊ ဦးစောသာထူး၊ ဒေါ်သင်းသင်းသာတို့အပါအဝင် (၁၅)ဦးပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် ၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် သတင်းမီဒီယာ ဥပဒေပုဒ်မ-၁၂ အရ စာနယ်ဇင်းများနှင့်ပတ်သက်ပြီး လွတ်လပ်စွာဆောင်ရွက်နိုင်သည့်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

သတင်းမီဒီယာကောင်စီမှနှုတ်ထွက်လိုက်သည့် ဦးဇေယျာလှိုင်က သတင်းမီဒီယာနှင့်ပတ်သက်ပြီး တင်းကျပ်သည့်ဥပဒေများ ထုတ်ထားသည့်အကြားတွင် သတင်းလွတ်လပ်ခွင့်ရရှိအောင် လုပ်နိုင်မည်မဟုတ်ဟု ယုံကြည်သည့်အတွက် နှုတ်ထွက်ရခြင်းဖြစ်ကြောင်းပြောသည်။

“ဒီလိုတင်းကြပ်တဲ့ ဥပဒေဘောင်ကြားထဲမှာ လွတ်လပ်ခွင့်လုပ်လို့ရမယ်လို့ မယုံကြည်လို့ ထွက်ပါမယ် ဆိုပြီးတော့ အစည်းအဝေးမှာတင်ပြတာပေါ့။ အဲတာကြောင့်ထွက်ကြတာပေါ့” ဟု ဆိုသည်။

တပ်မတော်မှအာဏာသိမ်းပြီးနောက် ပြင်ဆင်ပြဋ္ဌာန်းလိုက်သည့် ဥပဒေပုဒ်မများမှာ သတင်းစာဆရာများ အတွက် ပစ်မှတ်ဖြစ်လာနိုင်ပြီး သတင်းသမားများ သတိထားရန်လိုကြောင်းပြောသည်။သတင်းဌာနများ၏ သတင်းတင်ဆက်မှုများကို ပိတ်ပင်တားဆီးခြင်း၊ သတင်းထောက်များကို ခြိမ်းခြောက်ခြင်း များရှိသည့်အတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် ထိုလုပ်ရပ်များကို ပြင်းထန်စွာကန့်ကွက်ပြီး လက်ရှိအာဏာပိုင်အဖွဲ့အစည်းများက အမြန်ဆုံးကိုင်တွယ်ဖြေရှင်းပေးရန် တာဝန်ရှိကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သေးသည်။

လက်ရှိမှာ DVB၊ Mizzima သတင်းဌာနများနှင့် FM ရေဒီယိုအချို့တို့၏ လေလှိုင်းထုတ်လွှင့်ခြင်းများကို ပိတ်ပင် ခံထားရခြင်း၊ လူမှုကွန်ရက်စာမျက်နှာများ ပိတ်ပင်တားဆီးခံထားရခြင်းများရှိသည်အတွက် သတင်း တင်ဆက်ခွင့်မရခြင်းများ ဖြစ်ပေါ်လျှက်ရှိနေကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ကုလသမဂ္ဂကမ္ဘာလုံးဆိုင်ရာကြေညာစာတမ်းအပိုဒ် (၁၉)၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ- ၃၅၄(ခ)တို့အရ လူတိုင်းသည် မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ခွင်ရှိပြီး သတင်းမီဒီယာ ဥပဒေအရလည်း သတင်းမီဒီယာသမားများ လွတ်လပ်စွာသတင်းရယူခွင့်ရှိသည်။

ဗီဒီယိုများ