မြေပုံမြို့နယ် ကမ်းထောင်းကြီးတွင် လူနှစ်ဦး ခေါင်းဖြတ်အသတ်ခံရ

“နှစ်ယောက်လုံးရဲ့ ရင်ဘတ်မှာ ဓားစိုက်ထားတယ်။ လည်ပင်းကို နှစ်ယောက်စလုံးကို ဖြတ်ထားတယ်။ လည်ပင်းကို ဖြတ်ပြီးတော့ ရင်ဘတ်မှာတင်ထားတယ်” ဟု အမည်မဖော်လိုသည့် မျက်မြင် ဒေသခံံတစ်ဦးက ပြောသည်။

By မင်းထွန်း 10 Sep 2019

မင်းထွန်း | DMG
စက်တင်ဘာ ၁၀ ၊ စစ်တွေ

မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့မဈေးကြီးတွင် ယနေ့ နံနက် ၅ နာရီကျော်အချိန်ခန့့်က လူသေအလောင်းနှစ်လောင်းတွေ့ရှိခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါ အလောင်းနှစ်လောင်းကို ကမ်းထောင်းကြီး မြို့မဈေးအဝင်ဝတွင် ထားရှိခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်ဒေသခံများက ဆိုသည်။

“နှစ်ယောက်လုံးရဲ့ ရင်ဘတ်မှာ ဓားစိုက်ထားတယ်။ လည်ပင်းကို နှစ်ယောက်စလုံးကို ဖြတ်ထားတယ်။ လည်ပင်းကို ဖြတ်ပြီးတော့ ရင်ဘတ်မှာတင်ထားတယ်” ဟု အမည်မဖော်လိုသည့် မျက်မြင် ဒေသခံံတစ်ဦးက ပြောသည်။

ဦးခေါင်းပိုင်းဖြတ်ပြီး သတ်ဖြတ်ခံရသူနှစ်ဦးမှာ ကမ်းထောင်းကြီးမြို့မှ ဦးညီညီထွေး အသက်(၄၀)နှစ်နှင့် အမ်းမြို့နယ် သဲကမ်းထောင်းကျေးရွာမှ ဦးမောင်လုံး အသက်(၄၀)နှစ်တို့ဖြစ်ကြောင်း ဒေသခံများက အတည်ပြု ပြောကြားသော်လည်း သက်ဆိုင်ရာမှ အတည်ပြုခြင်း မရှိသေးပေ။

၎င်းတို့နှစ်ဦး သေဆုံးသူများနှင့်ပတ်သတ်ပြီး ကမ်းထောင်းကြီးမြို့မရဲစခန်းမှ တာဝန်ရှိသူများကို ဆက်သွယ်ရာတွင် စုံစမ်းနေဆဲဖြစ်ကြောင်း ပြောသည်။

ယခုကဲ့သို့ ဦးခေါင်းဖြတ်သတ်ဖြတ်ခံရမှုကြောင့် ဒေသခံများ စိုးရိမ်မှုရှိနေကြပြီး ယခင်ကလည်း မြေပုံမြို့နယ်အတွင်းတွင် နေအိမ်အတွင်း သတ်ဖြတ်ခံရသည့်ဖြစ်စဉ်များ ရှိခဲ့သည်။

ဗီဒီယိုများ