ကျိုက်ထိုမြို့နယ်တွင် ခရီးသွားများကို စစ်ကောင်စီက စစ်ဆေးမှုတင်းကြပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများကြောင့် သြဂုတ်လ ၂၆ ရက်နေ့မှစပြီး စစ်ကောင်စီက အသွားအလာတင်းကြပ်ထားကြောင်း ဒေသခံများထံမှသိရသည်။

29 Aug 2022

ဓာတ်ပုံ- CJ

DMG ၊ သြဂုတ် ၂၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများကြောင့် သြဂုတ်လ ၂၆ ရက်နေ့မှစပြီး စစ်ကောင်စီက အသွားအလာတင်းကြပ်ထားကြောင်း ဒေသခံများထံမှသိရသည်။

မွန်ပြည်နယ်နှင့် ပဲခူးတိုင်းထိစပ်နေသည့် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ စစ်တောင်းတံတား(မုပ္ပလင်)မှစပြီး ရန်ကုန်-မော်လမြိုင်ကားလမ်းမတလျှောက်တွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့များက ခရီးသွားယာဉ်များကို ရှာဖွေစစ်ဆေးမှုများ ယခင်ထက်ပိုမိုတင်းကြပ်လာကြောင်း သိမ်ဇရပ်မြို့ခံတစ်ဦးကပြောသည်။

“စစ်တာကတော့ အရင်ထက်ပိုကြပ်တယ်။ မှတ်ပုံတင်တွေ တိုက်စစ်တယ်။ မျက်နှာတွေ သေချာကြည့်ပြီးစစ်တယ်။ အများဆုံးက လူငယ်ယောက်ျားလေးတွေဆို ပိုစစ်ဆေးတယ်။ ဆိုင်ကယ်တွေ အိမ်စီးကားတွေကိုလည်း ပိုပြီးစစ်ဆေးလာတယ်”ဟု အဆိုပါမြို့ခံကပြောသည်။

ကျိုက်ထိုမြို့နယ် မုပ္ပလင်၊ အင်္ဂဘို၊ မဲရုံးကြီး၊ မဲရုံးလေး၊ ပျဉ်းကတိုး၊ ကင်းမွန်းချောင်းနှင့် ဆောင်နိုင်ကြီးတို့၌ ပြီးခဲ့သည့်သြဂုတ်လ ၂၃ ရက်မှ သြဂုတ်လ ၂၆ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် ကေအန်ယူတပ်မဟာ(၁) KNLA ပူးပေါင်းအဖွဲ့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ (၄)ကြိမ်ဖြစ်ပွားခဲ့သည်။

ထို့အပြင် မုပ္ပလင်-သိမ်ဇရပ်လမ်းဆုံနှင့် မရမ်းချောင်းစစ်ဆေးရေးဂိတ်တို့ကို KNLA ပူးပေါင်းအဖွဲ့က မကြာခဏ ပစ်ခတ်ခံရမှုများကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်းမအနီး မုပ္ပလင်ကျေးရွာ ဘုရားကိုးဆူတောင်နှင့် အင်္ဂဘိုကျေးရွာ ကားလမ်းမပေါ်တွင် စစ်ကောင်စီတပ်မှ အင်အားအများအပြား အသုံးပြုကာ ယာဉ်တန်းဖြင့် ကင်းလှည့်စစ်ဆေးမှုများပြုလုပ်နေသည်ကို တွေ့ရှိရကြောင်း မုပ္ပလင်စံပြကျေးရွာ ဒေသခံများထံမှ သိရသည်။

မုပ္ပလင်ကျေးရွာသား တစ်ဦးက “မုပ္ပလင်-သိမ်ဇရပ်လမ်းဆုံ၊ မရမ်းချောင် စစ်ဆေးရေးဂိတ်တွေက မကြာခဏ အတိုက်ခံရတယ်။ အဲဒါကြောင့် မုပ္ပလင်ဘုရားကိုးဆူတောင်နဲ့ အင်္ဂဘိုရွာအနား ကားလမ်းမပေါ်မှာ စစ်ယာဉ်တန်းနဲ့ ကင်းလှည့်နေတာတွေ့ရတယ်။ စစ်ဆေးတာလည်းရှိတယ်”ဟု ဆိုသည်။

ယင်းအပြင် ကျိုက်ထိုမြို့အဝင်အထွက်နေရာများနှင့် ကျိုက်ထီးရိုးဘုရားသို့သွားသည့် ကင်းမွန်ချောင်း၊ ဆောင်နိုင်ကြီးကျေးရွာ အပါအဝင် တောင်စွန်း-ဘီလင်းကားလမ်းမတို့ကိုလည်း စစ်ကောင်စီက အသွားအလာကန့်သတ်ထားကြောင်း ကျိုက်ထိုမြို့ခံများကပြောဆိုသည်။

ကျိုက်ထိုမြို့ခံတစ်ဦးကလည်း “မြို့အဝင်အထွက်ဖြစ်တဲ့ ကမ်းနီး ဘုရားလမ်း၊ ဘီးလင်းဘက်ကိုသွားတဲ့ သံတံတားရယ်။ နောက် တောင်စွန်း-ဘီလင်းလမ်းကို အသွားအလာကန့်သတ်ထားတယ်။ နောက်ကျိုက်ထီးရိုးဘုရားဖူးပြီး ပြန်လာတဲ့သူတွေဆို မြို့ထဲ ဝင်တဲ့ PT ဆီဆိုင်အနားမှာ စစ်ဆေးတယ်။ လုံးဝကို စစ်ဆေး တင်းကြပ်ထားတယ်”ဟု ပြောသည်။

ထိုသို့ စစ်ဆေးမှုတင်းကြပ်နေသဖြင့် ဒေသခံများနှင့် ခရီးသွားပြည်သူတို့မှာ လမ်းသွားလာရာတွင် စိတ်အနှောက်ဖြစ်စေပြီး အချိန်ကြန့်ကြာမှု စသည့်အခက်အခဲများဖြစ်ပေါ်နေကြောင်းလည်း ဒေသခံများကဆိုသည်။

ကျိုက်ထိုဒေသတွင် သြဂုတ်လ ဒုတိယအပတ်မှစပြီး တိုက်ပွဲများဖြစ်ပွားမှုနှင့် စစ်ကောင်စီက လုံခြုံရေးစစ်ဆေးရေးဂိတ်တချို့ မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် မြို့နယ်အတွင်း အပြင်သွားလာခွင့်ကို ည ၈ နာရီမှ နံနက် ၄ နာရီအထိ ကန့်သတ်ထားကြောင်း ကျိုက်ထိုမြို့နယ် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ