ရခိုင်အမျိုးသား စာရေးဆရာကြီး မောင်ပေါ်ထွန်း ကွယ်လွန်

အမျိုးသားစာပေဆုရ ရခိုင်အမျိုးသားစာရေးဆရာကြီး မောင်ပေါ်ထွန်း ယနေ့(သြဂုတ်လ ၁၃ ရက်) နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့၊ စစ်ဆေးရုံတွင် လူကြီးရောဂါဖြင့်ကွယ်လွန်သွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

13 Aug 2022

DMG ၊ ဩဂုတ် ၁၃

အမျိုးသားစာပေဆုရ ရခိုင်အမျိုးသားစာရေးဆရာကြီး မောင်ပေါ်ထွန်း ယနေ့(သြဂုတ်လ ၁၃ ရက်) နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့၊ စစ်ဆေးရုံတွင် လူကြီးရောဂါဖြင့်ကွယ်လွန်သွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဆရာကြီး မောင်ပေါ်ထွန်းကို ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ရေမျက်ဝကျေးရွာတွင် အဖ ဦးမောင်ပုနှင့် အမိ ဒေါ်အေးသာတို့က ၁၉၃၅ ခုနှစ်တွင်မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၇ နှစ်ဖြစ်သည်။

ဆရာမောင်ပေါ်ထွန်း၏ ကမ္ဘာရန်၊ အကြီးအကဲ၊ သန်းခေါင်ယံ လွတ်လပ်ရေး၊ မောင့်ဘတ်တန်နှင့် အိန္ဒိယလွတ်လပ်ရေးတိုက်ပွဲ၊ မာယာ စသည့်စာအုပ်များမှာထင်ရှားပြီး ဘာသာပြန်လုံးချင်းစာအုပ် ၅၀ ကျော် ပြန်ဆိုထုတ်ဝေခဲ့ကြောင်း စာပေအသိုင်းအဝိုင်းမှ သိရသည်။

ဆရာကြီးသည် မဂ္ဂဇင်း၊ စာစောင်များတွင်လည်း အယ်ဒီတာ၊ အယ်ဒီတာချုပ်တာဝန်များကို အသီးသီးထမ်းဆောင်ခဲ့သည်။

“လက်ရှိ မြန်မာနိုင်ငံအတိုင်းအတာအရပြောရမယ်ဆိုရင် နိုင်ငံခြားစာပေသော်လည်းကောင်း၊ ဂန္တဝင်စာပေတွေကို ဖန်တီးပေးနိုင်တဲ့ စာရေးဆရာတွေ တဖြည်းဖြည်းထွက်ခွာသွားကြပြီ။ အဲဒီအထဲမှာမှ ဒီနေ့ဆိုရင် ဆရာ မောင်ပေါ်ထွန်း ဆုံးရှုံးလိုက်ရတာဟာ မြန်မာစာပေအတွက်သော်လည်းကောင်း၊ နိုင်ငံခြားစာပေအတွက်ဆိုရင် လူငယ်တွေနဲ့ထိတွေ့မှုအတွက် ကြိုးစားပေးခဲ့တဲ့ ဆရာတစ်ဦးကို ဆုံးရှုံးလိုက်ရတာဟာ အင်မတန်မှ ဝမ်းနည်းဖို့ကောင်းတယ်။ နှမြောဖို့လည်းကောင်းတယ်”ဟု စာရေးဆရာ ဝေဟင်အောင်က ပြောသည်။

အလားတူ ဆရာကြီး မောင်ပေါ်ထွန်းမှာ ရခိုင်လူမျိုးများထဲမှ ထူးချွန်ပြောင်မြောက်သည့် စာရေးဆရာတစ်ဦး ဖြစ်သဖြင့် ဝမ်းနည်းကြေကွဲရကြောင်း စာရေးဆရာ ဖဒူစံရွှေကဆိုသည်။

“ဆရာ မောင်ပေါ်ထွန်းဟာ ရခိုင်သားထဲမှာ ထူးချွန်ပြောင်မြောက်တဲ့ ဘာသာပြန်စာရေးဆရာတစ်ယောက် ဖြစ်တယ်။ အခုလို ကွယ်လွန်သွားတဲ့အတွက် နှမြောတသ ဝမ်းနည်းရတယ်။ ဆရာက ရခိုင်သားတွေထဲမှာဆိုရင် အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုတစ်ရပ်ဖြစ်တယ်”ဟု သူကပြောသည်။

ဆရာကြီး မောင်ပေါ်ထွန်း၏ ရုပ်အလောင်းကို လာမည့်ဩဂုတ်လ ၁၅ ရက်နေ့တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်းသိရသည်။

ဗီဒီယိုများ