ရခိုင်က စစ်ဘေးရှောင်းများအတွက် ဒေါ်လာ ၂ သိန်း ထောက်ပံ့သွားမည်ဟု ဂျပန်အထူးကိုယ်စားလှယ်ပြော

ရခိုင်ပြည်နယ်တွင် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရသည့် စစ်ဘေးရှောင်များအတွက် ဒေါ်လာ ၂သိန်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားပြန်လည်သင့်မြတ် ရေး အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါက ပြောကြားလိုက်သည်။

By အောင်ထိန် 30 Nov 2020

အောင်ထိန်၊ DMG
နိုဝင်ဘာ ၃၀၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရသည့် စစ်ဘေးရှောင်များအတွက် ဒေါ်လာ ၂သိန်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားပြန်လည်သင့်မြတ် ရေး အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါက ပြောကြားလိုက်သည်။

မစ္စတာဆာဆာကာဝါသည် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ ရောက်ရှိစဉ် စစ်တွေမြို့၌ သတင်းမီဒီယာများနှင့် တွေ့ဆုံရာမှာ ယင်းသို့ ပြေားကြားခဲ့ခြင်းဖြစ်သည်။

“ဒီအချိန် ဒီနေ့မှာ ကျွန်တော်လေ့လာကြည့်တဲ့အခါ ပြည်လူထုဟာဆိုရင်  ခက်ခဲတဲ့အခြေအနေရှိတယ်ဆိုတာကို တွေ့ရှိခဲ့ရတဲ့အတွက်ကြောင့်မို့  ခက်ခဲဖြစ်နေတဲ့ ပြည်သူလူထုကို လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ဒေါ်လာနှစ်သိန်း ကျွန်တော်ထောက်ပံ့သွားမှာဖြစ်ပါတယ်”ဟု ဂျပန်အထူးကိုယ်စားလှယ်က ပြောသည်။

ထိုသို့ ကူညီထောက်ပံ့ရာတွင် စားနှင့်ရိက္ခာအပါအဝင် အခြားကူညီထောက်ပံ့ရေးပစ္စည်းများကိုလည်း ထောက်ပံ့သွားမည်ဖြစ်ပြီး အဆိုပါထောက်ပံ့ရေးပစ္စည်းများကို တပ်မတော်လေယာဉ်နှင့်သယ်ယူ‌ပေးမည်ဟု  တပ်မတော် ကကွယ်ရေးဦးစီးချုပ်မှ ကတိပေးထားကြောင်း မစ္စတာဆာဆာကာဝါက ဆက်လက်၍ပြောသည်။

ဂျပန်အစိုးရ၏အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ ရောက်ရှိလာ ပြီး ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် မြို့နယ် ၉ မြို့နယ်ထဲမှ ဘူးသီးတောင်နှင့်ကျောက်တော်မြို့နယ်များသို့ ရဟတ်ယာဉ်ဖြင့်သွားရောက်ပြီးနောက် နေ့လည်ပိုင်းတွင် ရခိုင်အမျိုးသားပါတီ ANP နှင့်တွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံရာ၌ ရခိုင်ပြည်နယ်အတွင်းက လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလင်းနှင့်နည်းပညာ ဆိုင်ရာစသည်တို့ကို ဂျပန်အထူးကိုယ်စာလှယ်အနေဖြင့် ပံ့ပိုးဆောင်ရွက်ပေးလျင် ရခိုင်ဒေသဖွံ့ဖြိုးတိုးတက် ကောင်းမွန်လာမည့်အကြောင်းကို တင်ပြခဲ့‌ကြောင်း ရခိုင်အမျိုးသားပါတီ ANP ၏ ပြော‌ရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောသည်။

“ ဒီဒေသရဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိုလည်း ဒီအဖွဲ့ရဲ့ ဒါရိုက်တာကတဆင့် ရန်ကုန်မှာရှိတဲ့လူတွေနဲ့ ဆက်သွယ်ပြီးတော့ ဆောင်ရွက်ပေးသွားမယ်ဆိုတဲ့အကြောင်းကို အပြန်အလှန် ဆွေးနွေးတင်ပြခဲ့တယ်” ဟု
၎င်းက ရှင်းပြသည်။

လက်ရှိ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ တပ်မတော်နှင့်AA အကြား ညှိနှိုင်းဆောင်ရွက်မှုများကို လုပ်ဆောင်‌နေပြီး တိုက်ပွဲများရပ်တန့်ကာ ငြိမ်းချမ်းလုပ်ငန်းများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မစ္စတာဆာဆာကာဝါက ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုသည် လက်ရှိတွင် ၂ နှစ်နီးပါး ရှိနေပြီဖြစ်ပြီး တိုက်ပွဲကြောင့် နေရပ်စွန့်ခွားထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်ဦးရေး ၂သိန်းသုံး သောင်းခြောက်ထောင်ကျော်အထိရှိ‌နေသည်။

ရခိုင်ဒေသတွင် ရွေးကောက်ပွဲကျင်းပပြီးသည့်အချိန်မှစ၍ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုများလျော့နည်းလျက်ရှိ နေသည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားမှုမရှိသဖြင့် အချို့မှာ နေရပ်ကိုပြန်သွားကြပြီး မိမိတို့၏ လယ်ယာလုပ်ငန်းများကို လုပ်ကိုင်နေကြသူများလည်း ရှိသည်။

ဗီဒီယိုများ