မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ စစ်ရှောင်စခန်းနှစ်ခုတွင် ကျပ်သိန်းတစ်ထောင်ကျော်တန်းဖိုးရှိပစ္စည်းများ လှူဒါန်း

ပုဏ္ဏားကျွန်းမြို့နယ် ရေဖြူကန်စစ်ဘေးရှောင်စခန်းနှင့် ကျောက်တော်မြို့နယ် နေပူခံစစ်ဘေးရှောင် စခန်း တို့တွင် ငွေကျပ်သိန်းတစ်ထောင်တန်ဖိုးရှိသော ကျန်းမာရေးနှင့်သက်ဆိုင်သည့်ပစ္စည်းများ၊ အသုံးအဆောင် ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သိရသည်။

27 May 2020

ခင်သရဖီဦး | DMG
မေ ၂၇ ရက်၊ စစ်တွေ

ပုဏ္ဏားကျွန်းမြို့နယ် ရေဖြူကန်စစ်ဘေးရှောင်စခန်းနှင့် ကျောက်တော်မြို့နယ် နေပူခံစစ်ဘေးရှောင် စခန်း တို့တွင် ငွေကျပ်သိန်းတစ်ထောင်တန်ဖိုးရှိသော ကျန်းမာရေးနှင့်သက်ဆိုင်သည့်ပစ္စည်းများ၊ အသုံးအဆောင် ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သိရသည်။

“ကျနော်တို့ ထောက်ပံ့ပေးတာက ဆင်းရဲဒုက္ခ နည်းပါးသက်သာတာကို ရည်ရွယ်ပြီးမှ ကျန်းမာရေးမြှင့်တင်ဖို့၊ ရောဂါ ဘေးတားဆီးဖို့ ရည်ရွယ်ပြီး ကျန်းမာရေးနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်း(ရခိုင်ပြည်နယ်)၏ ပြည်နယ်တပ်ခွဲမှူး ဦးမြင့်ဆွေက ပြောသည်။

ယခုပေးအပ်ခဲ့သည့် ထောက်ပံ့ပစ္စည်းများထဲတွင် မျက်နှာသုပ်ပဝါ၊ အမျိုးသမီးလစဉ်သုံးပစ္စည်း၊ ခြင်ထောင်နှင့် တာပေါ်လင်စ စသည့်ပစ္စည်းများပါဝင်ကြောင်း သိရသည်။

“ကျနော်တို့က ပစ္စည်းထောက်ပံ့ပေးတဲ့အခါမှာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအရ လိုအပ်တဲ့ပစ္စည်းတွေကို ပေးတယ်။ အသက်အရွယ်အလိုက်ပေါ့။ အမျိုးသမီးငယ်တွေရှိတဲ့ နေအိမ်တွေကျတော့ မိန်းကလေးလစဉ်သုံး ပစ္စည်းတွေပေးတယ်။ အမျိုးသမီးငယ်တွေမရှိတဲ့ နေအိမ်တွေကျတော့ မပေးဘူးပေါ့။ အဲလိုမျိုး လိုအပ်ချက်တွေကို ကြည့်ပြီးတော့ ပေးတာပါ” ဟု ရခိုင်ပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဦးစီးမှူး(တတိယတန်း) ကိုမောင်မောင်သိန်းက ပြောသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ကျန်းမာရေးနှင့် သက်ဆိုင်သည့်ပစ္စည်းများကို ယခင်ကလည်း ထောက်ပံ့မှုများရှိခဲ့ပြီး ယခုအကြိမ်တွင် ပစ္စည်းအရေအတွက် အများအပြား ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ကျောက်တော်မြို့နယ် နေပူခံစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၂၃၅ စု၊ လူဦးရေ ၁၁၃၈ဦးရှိပြီး ပုဏ္ဏားကျွန်းမြို့နယ် ရေဖြူကန်စက်မှုဇုန်စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၂၇ စု၊ လူဦးရေ ၅၀၄ ဦး ရှိသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး နေရသည့် စစ်ဘေးရှောင်ဦးရေမှာ တစ်သိန်းခြောက်သောင်းလေးထောင်ကျော်အထိ ရှိနေပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးမှ သိရသည်။

ဗီဒီယိုများ