ရခိုင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ရွှေ့ပြောင်းအလုပ်သမားများ ယခင်ထက်ပိုများလာ

နိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံကမြို့ကြီးအချို့တွင် ဆောက်လုပ်ရေးလုပ်ငန်းများ လည်ပတ်မှုမှာ ယခင်ကဲ့သို့အားမကောင်းသဖြင့် နိုင်ငံရေးတည်ငြိမ်နေသည့် ရခိုင်ပြည်နယ်သို့ ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်လာမှုမှာ ယခင်ထကပိုမိုများပြားလာသည်။

17 Dec 2021

DMG ၊ ဒီဇင်ဘာ ၁၇

နိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံကမြို့ကြီးအချို့တွင် ဆောက်လုပ်ရေးလုပ်ငန်းများ လည်ပတ်မှုမှာ ယခင်ကဲ့သို့အားမကောင်းသဖြင့် နိုင်ငံရေးတည်ငြိမ်နေသည့် ရခိုင်ပြည်နယ်သို့ ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်လာမှုမှာ ယခင်ထကပိုမိုများပြားလာသည်။

ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သားအများစုမှာ ကန်ထရိုက်များ၏အဆက်အသွယ်ဖြင့် ရခိုင်ပြည်သို့ ရွှေ့ပြောင်းလုပ်ကိုင်လာသူများပြီး ၎င်းတို့မှာ နေ့စားခဖြင့် လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။

“ရန်ကုန်မှာ တိုင်းရေးပြည်ရေးအခြေအနေမကောင်းလို့ ရခိုင်ဘက်မှာ ဆောက်လုပ်ရေးအလုပ်ကို လာလုပ်နေရတယ်။ ကျနော်တို့ဆောက်လုပ်ရေးအဖွဲ့မှာဆို လူ ၁၀ ယောက်ကျော်ပါရှိတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်မှာနေထိုင်သည့် ကိုရဲနန္ဒကဆိုသည်။

မြန်မာစစ်တပ်က တိုင်းပြည်အာဏာကိုသိမ်းယူပြီးနောက်ပိုင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများ အဆင်မပြေသဖြင့် ရွှေ့ပြောင်းလုပ်သားအချို့မှာ ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့ လုပ်ကိုင်လာနေကြောင်းလည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

“ရွှေ့ပြောင်းအလုပ်သမားတွေက ရခိုင်မှာ အရင်ကတည်းကရှိပါတယ်။ အခုတော့ ပိုများလာတာပေါ့။ ဆောက်လုပ်ရေးကုမ္ပဏီတွေရဲ့ အဆက်အသွယ်နဲ့ ဒီဘက်မှာ လာရောက်လုပ်ကိုင်ကြသူတွေရှိတယ်။ တစ်ချို့ဆို ဒီမှာလာအလုပ်လုပ်ရင်း အိမ်ထောင်ကျရာကနေ ရခိုင်မှာပဲ ဆက်ပြီးအလုပ်ဆက်လုပ်ကြတယ်”ဟု ရခိုင်ပြည်နယ် ဆောက်လုပ်ရေးလုပ်ငန်းရှင်မှ အတွင်းရေးမှူး ဦးထွန်းလှကျော်ကပြောသည်။

ရခိုင်ပြည်တွင် လက်သမားအလုပ် လာရောက်လုပ်ကိုင်နေသည့် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှ ကိုမျိုးသူက ယခင်နေပြည်တော်တွင် လုပ်ကိုင်ခဲ့စဉ်က နေ့စားခ ကျပ်တစ်သောင်းရရှိပြီး ယခုရခိုင်ပြည်နယ်တွင် တစ်ရက်လျှင် နေ့စားခ ကျပ်တစ်သောင်းနှစ်ထောင် ရရှိသဖြင့် မိသားစုစားဝတ်နေရေးအတွက် ပိုမိုအဆင်ပြေကြောင်းပြောသည်။

ထိုသို့ ရွှေ့ပြောင်းအလုပ်သမားများ ရခိုင်ပြည်နယ်ဆောက်လုပ်ရေးကဏ္ဍသို့ ဝင်ရောက်လာသဖြင့် တစ်ဖက်မှာလည်း ဒေသခံဆောက်လုပ်ရေးအလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာကြောင်း ဆောက်လုပ်ရေးအင်ဂျင်နီယာ ကိုအောင်နိုင်ထွန်းက ပြောကြားသည်။

“အဆောက်အအုံနဲ့ လမ်းတံတားတွေဘက်မှာ ရွှေ့ပြောင်းအလုပ်သမားတွေ ဝင်ရောက် လုပ်ကိုင်လာတာကို အခုတလောမြင်တွေ့နေရတယ်။ လုပ်အားခက ဒေသခံဖြစ်ဖြစ် ရွှေ့ပြောင်းအလုပ်သမားဖြစ်ဖြစ် သူတို့ရဲ့အတတ်ပညာအပေါ် မူတည်ပြီး ကန်ထရိုက်ကပေးတယ်။ ရခိုင်မှာက ဆောက်လုပ်ရေးလုပ်ငန်းနဲ့ပတ်သက်ရင် ကျွမ်းကျင်အလုပ်သမားတော့နည်းတယ်”ဟု ၎င်းကသုံးသပ်ပြောဆိုသည်။

ရခိုင်ပြည်သို့ ရွှေ့ပြောင်းလာရောက်လုပ်ကိုင်သည့် ဆောက်လုပ်ရေးအလုပ်သမားအချို့မှာလည်း ကန်ထရိုက်မှ လုပ်အားခငွေကို တစ်လပေါင်း၍ပေးချေမှုများရှိသဖြင့် စားဝတ်နေရေးအတွက် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရကြောင်း အလုပ်သမားများထံမှသိရသည်။

ဗီဒီယိုများ