မြောက်ဦးတွင် ပေါက်ကွဲမှုကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာအနီးတွင် ယမန်နေ့ ဧပြီလ ၁၀ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားကာ ဒေသခံနှစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

By မျိုးသီရိကျော် 11 Apr 2020

မျိုးသီရိကျော် | DMG
ဧပြီ ၁၁ ၊ မြောက်ဦး

ပေါက်ကွဲမှုကြောင့် ဝေသာလီကျေးရွာမှ ဦးဦးမောင်ချေ ၅၂ နှစ်တွင် ညာဘက်နံဘေး၌ ဒဏ်ရာရရှိသွားကာ မောင်ဇော်လင်းဌေး ၁၄ နှစ်မှာလည်း ခြေထောက်နှစ်ဖက်လုံးတွင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်ဟု မိသားစုဝင်များထံမှ သိရသည်။

ဦးဦးမောင်ချေမှာ ကျေးရွာအနီးရှိ ယာခင်းသို့သွားစဉ် ပေါက်ကွဲမှုဖြစ်ပွားရာမှ ကျည်စထိမှန်သွားခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

“ကျနော်က ဝါးစည်းထမ်းပြီး ယာခင်းကိုသွားတာ၊ လူအများသွားတဲ့လမ်းကပဲ သွားတာ။ အဲဒီမှာ ကလေးတစ်ယောက်က ကစားနေတယ်။ ပေါက်သံကြားလို့ ကျနော်က မြေကြီးပေါ်ဝပ်ခံလိုက်ပေမယ့် ကျည်စတွေ လာထိသွားတယ်။ ဆော့နေတဲ့ကလေးလည်း ဒဏ်ရာရသွားတယ်”ဟု ဦးဦးမောင်ချေက DMG ကို ပြောသည်။

အဆိုပါပေါက်ကွဲမှုမှာ မည်သည့်လက်နက်အမျိုးအစားဖြစ်ပြီး မည်ကဲ့သို့ ပေါက်ကွဲသွားသည်ကို မသိရှိကြောင်း ဦးဦးမောင်ချေက ဆိုသည်။

လက်ရှိမှာ ဒဏ်ရာရရှိသူနှစ်ဦးကို မြောက်ဦးဆေးရုံသို့ ပို့ဆောင်ထားကာ ဒဏ်ရာပြင်းထန်သည့် မောင်ဇော်ဌေးလင်းမှာ ညာဖက်ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသည်ဟု ဆွေမျိုးတော်စပ်သူ ဦးထွန်းထွန်းစိုးက ပြောသည်။

“အခုသူ့(ကလေး)မှာ ခြေတစ်ချောင်း ဖြတ်လိုက်ရပါပြီ။ ခြေတစ်ချောင်းမရှိတော့ သူ့မှာလည်း အင်္ဂါမစုံဘဲ ဖြစ်ပြီပေါ့” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်းက တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများရှိသည့် ဒေသများတွင် လက်နက်ကြီးကျည်များ၊ ပေါက်ကွဲစေတတ်သည့် လက်နက်ခဲယမ်းများမှာ ကျေးရွာအတွင်းနှင့် ကျေးရွာပြင်ပ တို့တွင် မပေါက်ကွဲဘဲ ကျန်ရှိနေခဲ့သည်။

ထိုသို့ကျန်နေခဲ့သည့် လက်နက်ကြီးကျည်များ၊ မိုင်းများကြောင့်လည်း တိုက်ပွဲကာလအတွင်း အရပ်သား ထိခိုက်၊သေဆုံးမှုမှာ ပိုမိုမြင့်တက်လာနေသည်။

ဗီဒီယိုများ