ရခိုင်တွင် မုတ်သုန်ဝင်တော့မည်ဖြစ်သော်လည်း စစ်ဘေးရှောင်များ နေထိုင်ရေးအတွက် အဆင်သင့်မဖြစ်သေး

စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်၏အရှိန်ကြောင့် ယခုမေလ မေလစတုတ္ထအပတ်တွင် ရခိုင်ပြည်နယ်သို့ အနောက်တောင်မုတ်သုံလေများ စတင်ဝင်ရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

22 May 2020

ပြီးခဲ့သည့် မိုးရာသီက မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှာင်စခန်းအတွင်း မိုးရေများ ဝင်ရောက်နေသည်ကို တွေ့ရစဉ်။

ခင်သရဖီဦး ၊ မြတ်ဆွေ | DMG
မေ ၂၂ ၊ စစ်တွေ

စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်၏အရှိန်ကြောင့် ယခုမေလ မေလစတုတ္ထအပတ်တွင် ရခိုင်ပြည်နယ်သို့ အနောက်တောင်မုတ်သုံလေများ စတင်ဝင်ရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မေလ ၂၂ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း ရခိုင်ပြည်နယ်တောင်ပိုင်းဒေသသို့ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်မည်ဖြစ်ကာ မေလ ၂၈ ရက်မှ ဇွန်လ ၂ ရက်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် အလယ်ပိုင်း ဒေသများသို့ မုတ်သုံလေ ဆက်လက်ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောသည်။

“ဒီမုတ်သုံကာလမှာဆိုရင် ရခိုင်ဒေသက မိုးများတဲ့ဒေသဖြစ်တဲ့အတွက် ရေကြီးမှုအန္တရာယ်တွေ ဖြစ်တယ်ပေါ့။ ဒါကြောင့် မြစ်နားချောင်းနားမှာရှိနေတဲ့ ပြည်သူတွေအနေနဲ့ သတိထားဖို့လိုမယ်။ မိုးသက်လေပြင်းတိုက်တာတွေ ကျရောက်တာကိုလည်း သတိထားရမှာပေါ့” ဟု ၎င်းကဆိုသည်။

ယခင်နှစ်များက ရခိုင်ပြည်နယ်တောင်ပိုင်းဒေသများသို့ မေလ ၂၀ ရက်နေ့မှ ၂၅ ရက်ဝန်းကျင်ခန့်တွင် မုတ်သုံ လေဝင်ရောက်လေ့ရှိခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများသို့ မေလ ၂၆ ရက်နေ့နှင့် ၃၀ ရက်နေ့ ဝန်းကျင် ခန့်တွင် ဝင်ရောက်လေ့ရှိကြောင်း ဒေါက်တာကျော်မိုးဦးက ရှင်းပြသည်။

ရခိုင်ပြည်နယ်သို့ မုတ်သုံလေ ဝင်ရောက်တော့မည်ဖြစ်သော်လည်း ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များမှာ လုံခြုံသည့် အမိုးကာများအောက်သို့ နေထိုင်နိုင်ခြင်း မရှိသေးပေ။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “စစ်ဘေးရှောင်တွေမှာ အလှူရှင်တွေအကူညီတွေနဲ့ ပြန်ဆောက်နေရတဲ့ စခန်းတွေရယ်၊ ကိုယ်ထူကိုယ်ထစနစ်နဲ့ တည်ဆောက်နေကြရတဲ့ စခန်းတွေရယ်ပဲရှိတယ်။ အခုပြုပြင်ထားတာက စစ်ဘေးရှောင်စခန်းအားလုံးရဲ့ ၂၀ ရာခိုင်နှုန်း လောက်ပဲရှိသေးတယ်”ဟု ပြောသည်။

နေအိမ်များပြုပြင်နိုင်ရန်အတွက် တာပေါ်လင်စများကို UN ကဲ့သို့ အဖွဲ့အစည်းများမှ ပေးလာသော်လည်း လက်ရှိ နေထိုင်ရာနေရာအတွက် ငွေပေးချေနေရသဖြင့် ပြန်လည်ရောင်းချသဖြင့် နေအိမ်များကိုမပြုပြင်နိုင် သေးကြောင်း ကျောက်တော်မြို့နယ် တောင်မင်းကုလား စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် မအေးခိုင်က ပြောသည်။

“UN က တာပေါ်လင်စတွေကို ပေးတယ်။ သူတို့က မရောင်းနဲ့နော်၊ အိမ်ကို ကာရမှာလို့ပြောတယ်။ ဒါပေမယ့် အဲဒါ တွေကိုရောင်းပြီးတော့ မြေနေရာခ ပေးရတယ်။ ဒီမြေပိုင်ရှင်ကို ကျမတို့မှာ နှစ်စဉ်နှစ်တိုင်း မြေနေရာအတွက် ငွေပေးရတာ။ အခုက မိုးရွာလေတိုက်ရင်လည်း တာပေါ်လင်အစုတ်တွေနဲ့ နေရတယ်”ဟု ၎င်းကပြောသည်။

ထို့အတူ ဝါးတောင်စစ်ဘေးရှောင်စခန်းတွင်လည်း စခန်းရှိနေအိမ်များကို ကိုယ်ထူကိုယ်စနစ်ဖြင့် လုပ်ဆောင် နေကြရကာ မပြုပြင်နိုင်သေးသည့် စစ်ဘေးရှောင်နေအိမ်များလည်း ကျန်ရှိနေကြောင်း စခန်းတာဝန်ခံ ဦးစိန်ရွှေဘုက ပြောသည်။

“ကိုယ်ထူကိုယ့်ထ လုပ်နေကြတာပါ။ အရင်နှစ်တွေကပဲ တာပေါ်လင်စတွေ ပေးတာရှိတယ်။ အခုက လာပေးတာ မရှိတော့ ဝါးတွေသစ်တွေ လိုအပ်တာတွေရှိတယ်။ သူတို့မှာ စားဝတ်နေရေးအဆင်မပြေတဲ့လူတွေက မပြုပြင် နိုင်တာတွေ ရှိတယ်”ဟု ၎င်းကဆိုသည်။

မြောက်ဦးမြို့နယ် ရန်အောင်ပြင်စစ်ဘေးရှောင်စခန်းနှင့် ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲ စစ်ဘေးရှောင် စခန်းတို့တွင်လည်း စစ်ဘေးရှောင်များနေမည့် နေအိမ်များ ပြုပြင်နိုင်ရန် ဝါးများ၊ တာပေါ်လင်များ လိုအပ် နေကြောင်း စခန်းတာဝန်ခံများက ပြောသည်။

ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များမှာလည်း စာသင် ကျောင်းများ ပြန်ဖွင့်ချိန်တွင် နေထိုင်ရေး အခက်ခဲဖြစ်လာမည်ကို စိုးရိမ်နေကြသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှု ၂ နှစ်ခန့်ကြာမြင့်လာနေပြီး စစ်ဘေးရှောင်ဦးရေမှာလည်း တစ်သိန်းခြောက်သောင်းလေးထောင်ကျော်အထိ ရှိလာနေသည်။

ဗီဒီယိုများ