ရခိုင်နှင့်ချင်းတွင် အင်တာနက် ချက်ချင်းပြန်ဖွင့်ပေးရန် အရပ်ဘက်အဖွဲ့ (၂၉) ဖွဲ့တောင်းဆို

“လတ်တလောအခြေအနေ ရင်ဆိုင်နေရတာက အင်တာနက်မရတဲ့အခါမှာ အဲဒီဘက်မှာနေထိုင်ကြတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်၊ လူမှုအကျိုးစီးပွား စသဖြင့် ဒါတွေဟာ နေ့စဉ်နဲ့အမျှ ထိခိုက်နေရတာ ရှိပါတယ်။ ဆိုတော့ အဲဒီဟာတွေကို ရပ်တန့်နိုင်ဖို့ဆိုရင် လက်ရှိပိတ်ထားတဲ့ အင်တာနက်တွေကို ပြန်ဖွင့်ပေးဖို့..

By မင်းထွန်း 17 Feb 2020

မင်းထွန်း | DMG
ဖေဖော်ဝါရီ ၁၇၊ စစ်တွေ

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက်ဖြတ်တောက်ထားမှုကို ချက်ချင်း ပြန်ဖွင့်ပေးရန် ပြည်တွင်းနှင့် နိုင်ငံတကာ အရပ်ဖက်အဖွဲ့အစည်း (၂၉) ဖွဲ့က ပြီးခဲ့သော ဖေဖော်ဝါရီလ ၁၃ ရက်က လက်မှတ်ရေးထိုးကာ ပူးတွဲ သဘောထားထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့ အင်တာနက်ဖြတ်ထောက်ထားခြင်းသည် ပဋိပက္ခဖြစ်ပွားနေသည့် နယ်မြေများမှ အရပ်သားများကို ကြိုတင်ကာကွယ်မှုလုပ်ဆောင်ပေးနေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းများနှင့် လူ့အခွင့်အရေး စောင့်ကြည်လေ့လာရေးလုပ်ငန်းများအား ဆိုးဝါးစွာထိခိုက်စေသည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။

“လတ်တလောအခြေအနေ ရင်ဆိုင်နေရတာက အင်တာနက်မရတဲ့အခါမှာ အဲဒီဘက်မှာနေထိုင်ကြတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်၊ လူမှုအကျိုးစီးပွား စသဖြင့် ဒါတွေဟာ နေ့စဉ်နဲ့အမျှ ထိခိုက်နေရတာ ရှိပါတယ်။ ဆိုတော့ အဲဒီဟာတွေကို ရပ်တန့်နိုင်ဖို့ဆိုရင် လက်ရှိပိတ်ထားတဲ့ အင်တာနက်တွေကို ပြန်ဖွင့်ပေးဖို့ လိုအပ်တဲ့အတွက်ဖြစ်တယ်လို့ တောင်းဆိုရတာဖြစ်ပါတယ် ” ဟု အသံအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခ ကပြောသည်။

ပြီးခဲ့သည့်၂၀၁၉ ခုနှစ် ဇွန်လ (၂၁) ရက်နေ့စတင်ကာ ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် (၈) မြို့နယ် နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို အစိုးရမှ ကြိုတင်အသိပေးခြင်းမရှိပဲ အင်တာနက်ဖြတ်တောက်ခဲ့သည်။

စက်တင်ဘာလ (၁) ရက်နေ့တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ပလက်ဝမြို့နယ်ကို အင်တာနက်ပြန်ဖွင့်ပေးခဲ့သော်လည်း ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့တွင်မူ ပြန်ဖွင့်ပေးခဲ့သည့် မြို့နယ်များကို အင်တာနက် ထပ်မံ ဖြတ်တောက်ခဲ့သည်။

“ ဒီလိုအခြေအနေမျိုးမှာ ဖွင့်ပြီးသားတွေတောင် ပြန်ပိတ်လိုက်တာဖြစ်တဲ့အတွက် နောက်ပိုင်းမှာ ဒီ(၉)မြို့နယ်သာမကဘူးနော် တခြားရခိုင်ပြည်နယ်က နောက်ထပ်မြို့နယ်တွေ အဲလိုပဲ တခြားပြည်နယ်နဲ့တိုင်း အသီးသီးက ဘယ်မြို့နယ်မဆို အင်တာနက်ဖြတ်ထောက်မှုက ကြုံတွေ့နိုင်တာကို မီးမောင်းထိုးဖော်ပြနိုင်နေပြီပေါ့” ဟု အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခကပြောသည်။

ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား မြို့နယ်များသည် (၈) လနီးပါး အင်တာနက်ဖြတ်တောက်ခံထားရပြီး လက်ရှိအချိန်ထိလည်း ဖြတ်တောက်ထားဆဲဖြစ်သည်။

ယခုကဲ့သို့ အင်တာနက်ဖြတ်တောက်ထားမှုသည် ကမ္ဘာပေါ်တွင် အစိုးရများက လုပ်ဆောင်ခဲ့သော အရှည်ကြာဆုံး မိုဘိုင်းအင်တာနက်ဆက်သွယ်ရေးဖြတ်တောက်မှုများထဲတွင် တစ်ခုပါဝင်သည်ဟု ထုတ်ပြန်ချက်အရသိရသည်။

ထို့အပြင် အင်တာနက်ဖြတ်တောက်ထားမှုသည် လက်ရှိဖြစ်ပွားနေသည့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့စစ်ရေး ပဋိပက္ခအပေါ် အစိုးရမှတုန့်ပြန်လုပ်ဆောင်ချက်တစ်ရပ်ဖြစ်အဖြစ် ထင်မှတ်ဖွယ်ရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိမြို့နယ်(၈)မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်ပြန်လည်ရရှိနိုင်ရေး အတွက် အရပ်ဖက်အဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များက တောင်းဆိုခဲ့ကြသော်လည်း လက်ရှိအချိန်ထိ ထူးခြားလာမှုမရှိသေးပေ။

ဗီဒီယိုများ